ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသည့် COVID-19 ကူးစက်ရောဂါကြောင့် ရပ်နားထားခဲ့ရသည့် ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲအား လာမည့် ဇူလိုင်လ(၁၆)ရက်နေ့တွင် ပြန်လည်စတင်ရန် လိဂ်ကော်မတီအစည်းအဝေး၌ဆုံးဖြတ်ခဲ့ပြီး သက်ဆိုင်ရာသို့ ခွင့်ပြုချက်တောင်းခံထားကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေးကို ဇွန်လ(၁၀)ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်ဇော်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီဒုတိယဥက္ကဌနှင့် ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် နေရှင်နယ်လိဂ်ကလပ်အသင်းပိုင်ရှင်များတက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေး၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်က ကိုဗစ်ရောဂါအခြေအနေများကြောင့် မိမိတို့ဘောလုံးပြိုင်ပွဲများကို အချိန်အတော်ကြာရပ်နားခဲ့ရခြင်းအတွက် မိမိတို့အားလုံးအတွက်လည်း ထိခိုက်မှုများ အခက်အခဲများရှိခဲ့ပါကြောင်း၊ သို့သော် တစ်ကမ္ဘာလုံးအနေအထားနှင့် ဖြစ်ပွားခဲ့သည့် ကိစ္စဖြစ်၍ ဘာမျှမတတ်နိုင်ပါကြောင်း၊ ယခုအခါ အခြေအနေ အနည်းငယ်တည်ငြိမ်စပြုလာပြီဟု ခန့်မှန်းရ၍ မိမိတို့၏ ဘောလုံးပြိုင်ပွဲများကိုလည်း မကြာမီ ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ မိမိတို့အနေနှင့် ဘောလုံးကွင်းများကို လာမည့်ဇူလိုင်လ အတွင်း၌ ပြန်လည်စတင်နိုင်ရန် နိုင်ငံတော်အစိုးရသို့ တင်ပြခွင့်ပြုချက် တောင်းခံသွားမည်ဖြစ်ကြောင်း၊ ပြန်လည်ကျင်းပခွင့်ရသည့် အချိန်တွင်လည်း ဘောလုံးကွင်းများကို ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီ စနစ်တကျပြန်လည်ကျင်းပနိုင်ရန်နှင့် လောလောဆယ်အနေအထားအရ ရန်ကုန်မှာပင် ပရိသတ်မပါဘဲ ကစားနိုင်ရေးကို စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြန်လည်စတင်မည့် လိဂ်ပြိုင်ပွဲများကိုလည်း ကလပ်အသင်းများ ငွေကြေးကုန်ကျမှု သက်သာစေနိုင်ရန်နှင့် နိုင်ငံတကာပြိုင်ပွဲများအတွက် လက်ရွေးစင်အသင်း ပြင်ဆင်လေ့ကျင့်မှု အနည်းငယ်ပိုရနိုင်စေရန် နှစ်လကျော်အချိန်အတွင်း အပြီးသတ်ကျင်းပရန် စီစဉ်ဆောင်ရွက်သင့်ပါကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးအပါအဝင် ဘောလုံးစပွန်ဆာများနှင့် ကလပ်အသင်းများအတွက်ရော ဘောလုံးပရိသတ်များအတွက်ပါ ပြန်လည်စတင်ခွင့်ရမည့် အချိန်တွင် တတ်နိုင်သမျှ စောစောစတင်သွားနိုင်ရန် စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ကလပ်အသင်းအားလုံး၏ သဘောတူဆုံးဖြတ်ချက်အရ ပြိုင်ပွဲများပြန်လည်စတင်ကျင်းပနိုင်ရန် နိုင်ငံတော်အစိုးရသို့ ယခုရက်ပိုင်းအတွင်း တင်ပြခွင့်ပြုချက် တောင်းခံသွားမည်ဖြစ်ပြီး သက်ဆိုင်ရာက ခွင့်ပြုပါက MPT Myanmar National League 2020 စီနီယာလိဂ်ပြိုင်ပွဲကို ဇူလိုင် (၁၆)ရက်မှ စက်တင်ဘာလ (၁၂)ရက်အထိ သုဝဏ္ဏကွင်း၊ YUSC ကွင်း၊ ပဒုမ္မာကွင်းများတွင်လည်းကောင်း၊ MPT Myanmar National League II 2020 စီနီယာလိဂ် ဒုတိယရာသီဝက်ပြိုင်ပွဲကို ဇူလိုင် (၂၂) ရက်မှ သြဂုတ်လ (၂၈)ရက်အထိ ပဒုမ္မာကွင်း၊ စလင်းကွင်း၊ ဗဟန်း M-3 ကွင်းနှင့် တောင်ဒဂုံကွင်းများတွင်လည်းကောင်း၊ General Aung San Shield 2020 ရှုံးထွက်ပြိုင်ပွဲကို ဇူလိုင်လ (၁၆)ရက်မှ စက်တင်ဘာ (၂၆)ရက်အထိ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်း၊ စလင်းကွင်း၊ ဗဟန်း M-3 ကွင်းနှင့် တောင်ဒဂုံကွင်းများတွင်လည်းကောင်း ကျင်းပသွားရန် ဆုံးဖြတ်ခဲ့သည်။

ပြိုင်ပွဲကျင်းပမည့် ပွဲစဉ်ဇယား အသေးစိတ်၊ ကျန်းမာရေးလမ်းညွန်ချက်များနှင့်အညီ ကျင်းပသွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ မကြာမီရက်ပိုင်းအတွင်း ကလပ်အသင်း တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်၍ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။










