NLD ပါတီက လွှတ်ကိုယ်စားလှယ်လောင်းများကို မြို့မိမြို့ဖများမှတစ်ဆင့် ရွေးချယ်မည့်အစီအစဉ်တွင် မြို့မိမြို့ဖ အသုံးအနှုန်းအစား NLD ထောက်ခံသူမြို့ခံဟု ပြင်ဆင်ပေးရန် KNC ပါတီ တောင်းဆို

NLD ပါတီက လွှတ်ကိုယ်စားလှယ်လောင်းများကို မြို့မိမြို့ဖများမှတစ်ဆင့် ရွေးချယ်မည့်အစီအစဉ်တွင် မြို့မိမြို့ဖ အသုံးအနှုန်းအစား NLD ထောက်ခံသူမြို့ခံဟု ပြင်ဆင်ပေးရန် KNC ပါတီ တောင်းဆို
Published 9 June 2020
မင်းနိုင်စိုး

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မြို့မိမြို့ဖများမှတစ်ဆင့် ရွေးချယ်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက သတ်မှတ်ဆောင်ရွက်နေပြီး ထိုသို့ ဆောင်ရွက်ရာတွင် မြို့မိမြို့ဖ အသုံးအနှုန်းအစား NLD ထောက်ခံသူမြို့ခံဟု ပြင်ဆင်ပေးရန် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) က တောင်းဆိုသည်။

NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအတွက် ပထမအဆင့်ဖြစ်သည့် မြို့မိမြို့ဖများကို ရွေးချယ်ခြင်းကိုဆောင်ရွက်နေပြီး ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် (Code of Conduct for Political Parties and Candidates) ပါ စည်းမျဉ်းတချို့နှင့် ငြိစွန်းနေကြောင်း KNC ပါတီဥက္ကဋ္ဌ ဒေါက်တာ Mကောန်လ က ပြောကြားသည်။

“အဲဒီတော့ ကျွန်တော်တို့က ပြောလိုတာက မြို့မိမြို့ဖဆိုတဲ့ဟာက မြို့သူမြို့သားအားလုံးနဲ့ ဆိုင်တယ်ပေါ့ဗျာ။ မြို့သူ့ မြို့သားအားလုံးနဲ့ဆိုင်တယ်။ ဒီမြို့သူမြို့သားတွေထဲမှာ ဘယ်သူတွေပါသလဲဆိုတော့ NLD ထောက်ခံသူတွေ ပါမယ်။ USDP ထောက်ခံသူ ပါမယ်။ တခြားပါတီတွေ ထောက်ခံသူတွေ ပါမယ်။ တစ်သီးပုဂ္ဂလတွေ ပါမယ်ပေါ့။ အားလုံးနဲ့ဆိုင်တဲ့ ဝေါဟာရစကားလုံးကို ထင်ယောင်ထင်မှားဖြစ်အောင် ယူပြီးတော့မှ သုံးတယ်။ သုံးတဲ့ဟာက CoC (Code of Conduct) အရဆိုရင် ၁.၃ (ဂ)၊ (ဃ)၊ (စ) နဲ့ ငြိတယ်။ အခု CoC အသစ်မှာပေါ့။ အဟောင်းမှာလည်း ၂၀၁၅ မှာလည်း ပါတယ်။ အခန်း ၅ မှာ ပါတယ်” ဟု ဒေါက်တာ Mကောန်လ က ပြောကြားသည်။

နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်းများအတွက်ကျင့်ဝတ် CoC ၁.၃ (ဂ) တွင် ပါတီအသီးသီး၏ ရှုထောင့်အမြင်များ၊ မူဝါဒလမ်းစဉ်များ၊ နိုင်ငံရေးလုပ်ငန်းစဉ်များ တင်ပြရာတွင် နှုတ်ဖြင့် သော်လည်းကောင်း၊ စာဖြင့် ရေးသား၍သော်လည်းကောင်း မှားယွင်းသော ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ခြင်းကို ရှောင်ကြဉ်ခြင်း၊ မဲဆန္ဒရှင်များကို ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခြင်းအား ရှောင်ရှား၍ စသည်ဖြင့် ဖော်ပြထားသည်။

ထို့ပြင် ၁.၃ (စ) တွင် အထူးအကူအညီလိုအပ်သော မဲဆန္ဒရှင်များ၊ စာမတတ်သော (သို့မဟုတ်) အားနည်းချက်များ ရှိသော မဲဆန္ဒရှင်များအပေါ် လှည့်ဖြားခြင်း၊ ဖိအားပေးခြင်း (သို့မဟုတ်) ၎င်းတို့၏ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို အကန့်အသတ်ဖြစ်စေရန် အာဏာအလွဲသုံးစား ပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ခြင်းဟု ဖော်ပြထားသည်။

“ NLD ထောက်ခံတဲ့သူတွေနဲ့ NLD ပံ့ပိုးတဲ့သူတွေ လုပ်တဲ့အလုပ်ဟာ အားလုံးကို ကိုယ်စားပြုနေသယောင် ဖြစ်နေတဲ့အခါကျတော့ ဒီဟာက တစ်ခြားပါတီတွေရဲ့ ယှဉ်ပြိုင်မှု Image ကို ထိသလို ဖြစ်နေတယ်။ မြို့မိမြို့ဖ ဆိုပြီးတော့ တော်ရုံတန်ရုံ မသိနားမလည်တဲ့သူတွေက ဘာသွားမြင်ရသလဲဆိုတော့ အော်ဒါကတော့ ငါတို့ရဲ့ မြို့မိမြို့ဖတောင် ရွေးထားပြီးပြီပဲ။ သူတို့ပဲ ကိုယ်စားလှယ်ဖြစ်ရမှာပဲဆိုတဲ့ သွယ်ဝိုက် Miss Information ကို ပေးတာ။ အမှန်ကတော့ ဒါကရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းပေါ့။ ရွေးကောက်ပွဲဥပဒေရော နောက်တစ်ခုက ကျွန်တော်တို့က ဘာနဲ့သက်ဆိုင်သလဲဆိုတော့ ခုနက CoC နဲ့လည်း တိုက်ရိုက်ငြိစွန်းနေတယ်” ဟု ဒေါက်တာ Mကောန်လ က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် CoC ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၊ နိုင်ငံရေး ပါတီ ၂၁ ပါတီမှ ကိုယ်စားလှယ်များနှင့် ဆွစ်ဇာလန်သံရုံးတို့ ပူးပေါင်းအဖွဲ့ဖွဲ့စည်း၍ ရေးဆွဲခဲ့ပြီး အဆိုပါအဖွဲ့တွင် NLD ပါတီမှ ကိုယ်စားလှယ်နှစ်ဦး ပါဝင်ခဲ့ကြောင်း ဒေါက်တာ Mကောန်လ က ပြောကြားသည်။

“ ဒီလောက် ကျွန်တော်တို့နဲ့အတူ ပူးပေါင်းရေးနေတာတောင် ဒီဟာကို ထလုပ်တယ်ဆိုတော့ ဒီဟာကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် UEC က Judge လုပ်ပေးရမယ့်ကိစ္စ ဖြစ်တယ်။ နောက်တစ်ခုက တစ်ခြားပါတီတွေရဲ့ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ကို ဒီဟာက သွယ်ဝိုက်ပြီးတော့မှ ဖျက်ဆီးရာကျတယ်။ ဒါ ကျွန်တော်တို့ မြင်တာပေါ့။ နိုင်ငံရေးအရ ကျွန်တော်တို့ ပြောရတာပေါ့။ ဒါကတော့ မုန်းလို့တို့ ဘာလို့တို့ မဟုတ်ဘူး။ USDP လုပ်ရင်လည်း ပြောရမယ်။ တစ်ခြား ဘယ်ပါတီလုပ်လုပ်ပေါ့နော်။ ဒါကတော့ ကျွန်တော်တို့ ထောက်ပြရမယ်။ ကိုယ်ကိုယ်နှိုက်ကလည်း ရှောင်ကြဉ်ရမှာပေါ့” ဟု ဒေါက်တာ Mကောန်လ က ပြောကြားသည်။

ယခုကဲ့သို့ တောင်းဆိုရခြင်းသည် NLD ပါတီက အဆိုပါလုပ်ငန်းစဉ်ကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကြောင့်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း NLD ပါတီ၏ ယခုလုပ်ဆောင်မှုအပေါ် တိုက်ရိုက်ကန့်ကွက်စာပေးပို့၍ ရုပ်သိမ်းခိုင်းသင့်ကြောင်း ၎င်းက ပြောကြားသည်။

 “ အမှန်ကတော့ မြို့မိမြို့ဖလို့ သုံးလို့မသင့်ဘူးဗျာ။ NLD ထောက်ခံသူ မြို့ခံလို့ပဲ သုံးသင့်တယ်။ ဒါကိုယ့်ကိုယ်ကိုယ်ပဲ ထောက်ခံတာလေ။ တစ်ခြားသူကို ထောက်ခံတာမှ မဟုတ်ပဲ။ ရှင်းရှင်းလေးပဲ။ တခြားသူကလည်း သူတို့ကို မထောက်ခံဘူးလေ။ အဲဒီသဘောပေါ့။ ကျွန်တော်တို့ပြောရင် ဒါမုန်းတယ် ဖြစ်မယ်။ မုန်းလို့ပြောတာ ဖြစ်မယ်။ မဆိုင်ဘူး။ နိုင်ငံရေးအရ Rules & Regulations ကို ကျွန်တော်တို့ ထောက်ပြနေတာ” ဟုလည်း ဒေါက်တာ Mကောန်လ က ပြောကြားသည်။

ထိုသို့ အသုံးပြုမှုနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် NLD CEC တို့က မြို့မိမြို့ဖဟူသော စကားလုံးအား အသုံးပြုသင့်၊ မပြုသင့် စဉ်းစားရမည်ဖြစ်ပြီး သန့်ရှင်းသော ရွေးကောက်ပွဲသည် ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်ရန် လိုအပ်ကြောင်းနှင့် ယခုကိစ္စအတွက် UEC သို့ တရားဝင် စာပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။