ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို ဇူလိုင်လတွင် စတင်မည်ဖြစ်ပြီး မြို့နယ် ၂၆၀ ကျော်၌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို ဇူလိုင်လတွင် စတင်မည်ဖြစ်ပြီး မြို့နယ် ၂၆၀ ကျော်၌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်
Published 8 June 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ် ၂၆၀ ကျော်၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းရွေးချယ်မှုကို ဇူလိုင်လတွင် စတင်ဆောင်ရွက်မည်ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

UBP ပါတီ၏ မြို့နယ်ရုံးခွဲများကို ရခိုင်ပြည်နယ်မှအပ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ထားရှိပြီး မြို့နယ်ရုံးခွဲ ၅၀ ဝန်းကျင်သည် ပြည်နယ်မဲဆန္ဒနယ်အချို့တွင်ဖြစ်ကြောင်း အထက်ပါ ပါတီတာဝန်ရှိသူက ဆိုသည်။

“ အခု ရုံးဖွင့်ပြီးတာ မြို့နယ် ၂၆၀ မှာ ရုံးဖွင့်ပြီးပြီ။ တချို့မြို့နယ်တွေလည်း ဖိတ်ခေါ်ကမ်းလှမ်းလို့ မကြာခင်ထပ်တိုးဖွင့်မှာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့မူကတော့ မြို့နယ်ရုံးဖွင့်ထားတဲ့ မြို့နယ်တွေအားလုံးမှာ ရွေးကောက်ပွဲဝင်မှာပါ” ဟု အဆိုပါ ပါတီတာဝန်ရှိသူက ပြောကြားသည်။

လက်ရှိ ရခိုင်ပြည်နယ်အနေအထားအရ ယင်းဒေသတွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည် မဟုတ်သော်လည်း ပါတီကို စိတ်ဝင်စား ၍ ရုံးဖွင့်လှစ်ရန်နှင့် ကိုယ်စားလှယ်လောင်း ပါဝင်ယှဉ်ပြိုင်ရန် တောင်းဆိုမှုရှိလျှင် စဉ်းစားမည်ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် ပါတီကိုယ်စားပြုရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုသူများ၏ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာများကို မြို့နယ်ပါတီရုံးခွဲများမှတစ်ဆင့် ဖြန့်ဝေထားပြီး မြို့နယ်တစ်ခုချင်းစီတွင် လိုအပ်သည့် ကိုယ်စားလှယ်လောင်းအရေအတွက် လက်ခံရရှိနေသည်ဟု UBP ပါတီတာဝန်ရှိသူက ပြောကြားသည်။

“ အဆိုပြုလွှာတွေ တောင်းထားတုန်းပဲ ရှိသေးတယ်။ စိတ်ဝင်စားတဲ့သူ၊ ပါဝင်အရွေးခံလိုသူတွေရဲ့ အဆိုပြုလွှာတွေ တောင်းထားတုန်းပဲ ရှိသေးတယ်။ အဲဒီတော့ အဆိုပြုလွှာတွေလည်း တော်တော်များများတော့ ရပြီ။ တချို့လည်း ပို့နေတုန်းပဲရှိပါသေးတယ်။ ဇွန်လထဲမှာတော့ ဒီကိစ္စတွေ ပြီးပြတ်အောင် လုပ်ပါမယ်။  ဇူလိုင်မှာ ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်တာတွေ စပါမယ်” ဟု အဆိုပါ ပါတီတာဝန်ရှိသူက ပြောကြားသည်။

ကိုယ်စားလှယ်လောင်းအရည်အချင်း သတ်မှတ်ချက်နှင့်ပတ်သက်၍ လက်ရှိအချိန်တွင် ပြောကြားနိုင်ခြင်း မရှိသေးကြောင်းနှင့် ကိုယ်စားလှယ်လောင်းများ အတည်ပြုပြီးချိန်တွင် ပါတီ၏ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့်အစီအစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ရန်ရှိကြောင်း၊ UBP ပါတီ တာဝန်ရှိသူက ဆိုသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဗိုလ်ချုပ်ကြီး (ငြိမ်း) တစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်း ဦးဆောင်တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဧပြီ ၂၅ ရက်က တရားဝင်ပါတီမှတ်ပုံတင် ရရှိခဲ့သည်။ COVID-19 ဖြစ်ပွားနေသော်လည်း အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာတွင် ကျင်းပနိုင်ရန် စီစဉ်နေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။