အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)သည် စီးရီးအေ၏ ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလကို စက်တင်ဘာ(၁)ရက်မှ အောက်တိုဘာ(၅)ရက်အထိ သတ်မှတ်ကြောင်း အတည်ပြုကြေညာလိုက်သည်။
စီးရီးအေတွင် ယခင်က နွေရာသီအပြောင်းအရွှေ့ကို အခြားဥရောပလိဂ်အများစုနည်းတူ ဇူလိုင်(၁)တွင် စတင်ပြီး သြဂုတ်(၃၁)၌ အဆုံးသတ်လေ့ရှိသော်လည်း ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိဂ်ပြိုင်ပွဲ အဆုံးသတ်ချိန် နောက်ကျခဲ့သည့်အတွက် အပြောင်းအရွှေ့ကာလကိုလည်း နောက်ဆုတ်ခဲ့ခြင်းဖြစ်သည်။
ယခုသတ်မှတ်ချက်အရ စီးရီးအေအသင်းများအနေဖြင့် ကစားသမားသစ်ခေါ်ယူမှုကို ယင်းကာလအတွင်းတွင်သာ ပြုလုပ်ခွင့်ရရှိမည်ဖြစ်သည်။
FIGC သည် နွေရာသီအပြောင်းအရွှေ့ကာလကို ပြောင်းလဲသတ်မှတ်လိုက်သော်လည်း ဆောင်းရာသီအပြောင်းအရွှေ့ကာလကိုမူ ဇန်နဝါရီ(၄)ရက်မှ ဇန်နဝါရီ(၃၁)ရက်အတွင်း ပြန်လည်ဖွင့်လှစ်သွားရန် ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရှိရသည်။










