မန်ယူအသင်းသည် အေဂျက်စ်အသင်း၏ နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့် ဗန်ဒယ်ဘိခ်အား ခေါ်ယူရန် စိတ်ဝင်စားနေပြီး အေဂျက်စ်အသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ဗန်ဒါးဆားကလည်း ယင်းသတင်းကို အတည်ပြုခဲ့ကြောင်း သိရှိရသည်။
ဗန်ဒယ်ဘိခ်အား ယခင်ကတည်းက ရီးယဲလ်မက်ဒရစ်အသင်းက စိတ်ဝင်စားနေခြင်းဖြစ်ပြီး ယခုအချိန်တွင် မန်ယူအသင်းကပါ ကြိုးပမ်းလာခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းတွင် ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကစားခဲ့ဖူးသည့် နယ်သာလန်ဂန္ထဝင် ဂိုးသမားဟောင်း ဗန်ဒါးဆားက ''ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ မန်ယူအသင်းကလည်း ဗန်ဒယ်ဘိခ်ကို စိတ်ဝင်စားနေတယ်လို့ ကျွန်တော်အတည်ပြုနိုင်ပါတယ်။ ကျွန်တော်တို့ အသင်းကတော့ ကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမားတွေကို ရောင်းထုတ်မယ့်အစား အသင်းမှာပဲ ဆက်ထိန်းထားချင်ပါတယ်။ အသင်းရဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာအခြေအနေကလည်း ဒီကစားသမားတွေကို ထုတ်ရောင်းဖို့ မလိုတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဗန်ဒယ်ဘိခ်အတွက် ယူရိုသန်း (၁၀၀)နဲ့ ကမ်းလှမ်းမလား။ ဒါဆိုရင် ကျွန်တော်တို့ကရော ရောင်းချင်သလား။ မဟုတ်ပါဘူး။ ကျွန်တော်တို့က အသင်းမှာပဲ ဆက်ထားချင်ပါတယ်။ ဒါပေမဲ့ ကစားသမားတွေရဲ့ ဆန္ဒနဲ့ သူတို့ရဲ့လစာငွေရပိုင်ခွင့်တွေကြောင့် တားဆီးဖို့ကိစ္စမှာ အခက်အခဲတွေရှိပါတယ်''ဟု နယ်သာလန်သတင်းဌာနတစ်ခုဖြစ်သည့် NOS သို့ ပြောကြားခဲ့သည်။










