လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပဲမျိုးစုံတင်ပို့မှု ယခင်နှစ်ကာလတူထက် တန်ချိန် ၇၈၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၁၉၀ ကျော်ပိုမိုရရှိထား

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပဲမျိုးစုံတင်ပို့မှု ယခင်နှစ်ကာလတူထက် တန်ချိန် ၇၈၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၁၉၀ ကျော်ပိုမိုရရှိထား
မြန်မာနိုင်ငံအတွင်းရှိ ပဲစိုက်တောင်သူများ၏ လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
မြန်မာနိုင်ငံအတွင်းရှိ ပဲစိုက်တောင်သူများ၏ လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 7 June 2020
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၇၈၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ဝင်ငွေဒေါ်လာသန်း ၁၉၀ ကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၂၂ ရက်အထိ ရှစ်လခန့်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၁၅၈ သန်း တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၈၅၃ ဒသမ ၅၆၀ သန်း ရရှိထားသည်။ ယခင်နှစ်ကာလတူတွင် တန်ချိန် ၁ ဒသမ ၀၇၉ သန်းကျော်သာ တင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၆၆၂ ဒသမ ၃၇၉ သန်းသာ ရရှိထားသည်။

“ပဲမျိုးစုံတင်ပို့မှုက မနှစ်ကထက်ပိုတယ်။  တန်ချိန်လည်း ပိုတယ်။ ဝင်ငွေလည်း ပိုတယ်” ဟု လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ် ရှစ်လခန့်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၇၈၇၆၇ တန် ပိုမိုတင်ပို့ထားနိုင်ပြီး ဝင်ငွေအားဖြင့် ဒေါ်လာ ၁၉၁ ဒသမ ၁၈၁ သန်း ပိုမိုရရှိထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် ပဲမျိုးစုံအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စသည့် ပဲအမျိုးအစားသုံးမျိုးကို ပြည်ပသို့ အများဆုံး တင်ပို့နေခြင်းဖြစ်သည်။

ယင်းအနက် မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံတချို့သို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။

အိန္ဒိယစျေးကွက်ကိုသာ အဓိကတင်ပို့နေရသည့် မြန်မာ့ပဲမျိုးစုံအတွက် လက်ရှိတွင် ဥရောပ၊ ဂျပန်၊ တရုတ် စသည့်နိုင်ငံများသို့ စျေးကွက်တိုးချဲ့ရှာဖွေနိုင်သဖြင့် လာမည့်နှစ်နှစ်အတွင်း ပဲတင်ပို့မှု အခက်အခဲ မရှိနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

လက်ရှိ ဇွန်လဆန်းတွင် အမျိုးအစားအပေါ်မူတည်၍ မတ်ပဲတစ်တန်လျှင် ဒေါ်လာ ၆၅၅ မှ ၈၆၀ အထိ၊ ပဲတီစီမ်းတစ်တန်လျှင် ဒေါ်လာ ၈၅၀ မှ ၁၀၅၀ အထိ၊ ပဲစင်းငုံ တစ်တန်လျှင် ဒေါ်လာ ၅၄၀ မှ ၅၉၀ အထိ အသီးသီးရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် မတ်လတတိယပတ်တွင် အိန္ဒိယအစိုးရ၏ ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့် မတ်ပဲကို ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွက် တန်ချိန် လေးသိန်းသတ်မှတ်၍ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သွယ်ရေးအသိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ထုတ်ပြန်ပြီးချိန်၌ ပြည်တွင်း၌ မတ်ပဲစျေးနှုန်းများမြင့်တက်လာခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

ထို့ပြင် အိန္ဒိယနိုင်ငံက ပဲစင်းငုံကိုလည်း Quota သတ်မှတ်တစ်ခု ထွက်လာနိုင်သဖြင့် ပြည်တွင်းပဲစင်းငုံစျေးကွက်၌ အလားအလာကောင်းများရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။   

လက်ရှိတွင် COVID-19 ရောဂါဖြစ်ပွားနေသည့် ဥရောပနိုင်ငံများသို့ မြန်မာနိုင်ငံမှ ပဲတီစိမ်းတင်ပို့မှု ခေတ္တရပ်ဆိုင်းမှုများ ရှိနိုင်သော်လည်း ဥရောပစျေးကွက်သို့ ပဲတီစိမ်းတင်ပို့မှု ကြီးကြီးမားမား ထိခိုက်မှု မရှိသေးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

“ ဥရောပဘက်တော့ နည်းနည်းပါးပါးပါ။ ကိုရိုနာဗိုင်းရပ်စ် ဖြစ်နေတဲ့နေရာတွေက တင်ပို့မှုလေးတွေ ခေတ္တရပ်သွားတဲ့ နိုင်ငံတွေလည်း ရှိကောင်းရှိပါတယ်။ တချို့တင်ပို့လို့ရတဲ့ နိုင်ငံတွေကိုလည်း တင်ပို့နေပါတယ်။ အရမ်းကြီးကြီးမားမားတော့ မထိခိုက်သေးဘူး” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံစိုက် ဧက ၁၁ သန်းကျော်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံ စိုက်ပျိုးမှု ၃၅ ရာခိုင်နှုန်းကျော် ရှိသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးအား နှစ်စဉ်စိုက်ဧက စုစုပေါင်း ၁၁ ဒသမ ၄၅ သန်းခန့် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာခိုင်နှုန်း၊ ကုလားပဲ ရှစ်ရာခိုင်နှုန်း စိုက်ပျိုး ထုတ်လုပ်လျက်ရှိသည်။

ယင်းပဲမျိုးစုံ စုစုပေါင်းစိုက်ဧက၏ ၆၆ ရာခိုင်နှုန်းမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများ စိုက်ပျိုးလျက်ရှိပြီး ဒေသရေမြေကိုက်ညီမှုအပေါ်မူတည်၍ ပဲစင်းငုံသီးနှံကို စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ်တို့တွင် မိုးရာသီ၌လည်းကောင်း၊ ပဲတီစိမ်းသီးနှံအား မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးကြို (သို့မဟုတ်) ဆောင်းသီးနှံ အဖြစ်လည်းကောင်း၊ မတ်ပဲသီးနှံအား ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ နေပြည်တော်တို့၌ မိုး/ဆောင်းသီးနှံအဖြစ်လည်းကောင်း အဓိကထားစိုက်ပျိုးပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့တွင် စိုက်ပျိုးနိုင်သည့် သီးနှံများဖြစ်သည်။

Most Read

Most Recent