ကြယ်ပွင့်ကစားသမား ဆန်ချိုအပါအဝင် ဒေါ့မွန်ကစားသမား(၅)ဦးသည် အစိုးရက ချမှတ်ထားသည့်ကို ရိုနာဗိုင်းရပ်စ်စည်းမျဉ်းများကို ချိုးဖောက်ကာ ဆံပင်ညှပ်ခံခဲ့သဖြင့် အရေးယူခံရဖွယ်ရှိကြောင်း Bild သတင်းစာက ဖော်ပြခဲ့သည်။
ဘွန်ဒစ်လီဂါပြိုင်ပွဲသည် ဥရောပထိပ်တန်းလိဂ်များအနက် ပထမဆုံး ပြိုင်ပွဲပြန်စသည့်လိဂ်ဖြစ်ပြီး တင်းကျပ်သည့် စည်းမျဉ်းများဖြင့် ထိန်းကွပ်ဆောင်ရွက်လျက်ရှိသည်။
ပြီးခဲ့သည့်လက ပြိုင်ပွဲပြန်မတင်မီ ရက်အနည်းငယ်အလိုတွင် အော့စ်ဘတ်နည်းပြ ဟိုင်ကိုဟားလစ်ချ်သည် စည်းမျဉ်းချိုး ဖောက်ကာ ဈေးဝယ်ထွက်ခဲ့သဖြင့် ပွဲကြီးကြပ်ခွင့်ပိတ်ခံခဲ့ရပြီး ဆန်ချိုတို့မှာလည်း ပြစ်ဒဏ်ခံရဖွယ်ရှိနေသည်။
ဒေါ့မွန်ကစားသမားများ ဖြစ်ကြသော ဆန်ချို၊ သော်ဂန်ဟာဇက်၊ ဂယ်ဟေရို၊ အကန်ဂျီ၊ ဗစ်ဆဲလ်နှင့် ဇာဂါဒူတို့သည် အိမ်တစ်ခုတွင် အတူရှိခဲ့ကြပြီး နာမည်ကြီးဆံသဆရာ ဝင်နီနာနာ ကာကာရီကို ဖိတ်ခေါ်ကာ ဆံပင်ညှပ်ခံခဲ့ကြသည်ဟု Bild သတင်းစာက ဖော်ပြခဲ့သည်။
ဒေါ့မွန်အသင်းဘက် ကမူကျွန်တော်တို့ရဲ့ ကစားသမား တွေဆံပင်ညှပ်ခံတယ်ဆိုတာ ဒီကာလအတွင်းမှာ လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ခုပါပဲ။ ဒါ့အပြင် သူတို့တွေ Mask မ တပ်ခဲ့ဘူးဆိုတာ မဖြစ်နိုင်ပါဘူး" ဟု Bild သတင်းစာသို့ စာပို့ဖြေရှင်းခဲ့သည်။
အဆိုပါသတင်းစာက ဖော်ပြခဲ့သော ဓာတ်ပုံများတွင် ဆန်ချိုနှင့် ဆံသဆရာ ကာကာရီတို့အား Mask မပါဘဲ တွေ့ခဲ့ရသည်။
ကာကာရီကလည်း Bild က ဖော်ပြခဲ့သည့်သတင်းတွင် Mask မပါသည့်ပုံကို တမင်ရွေးသုံးထားခြင်း ဖြစ်ကြောင်း၊ မိမိအနေဖြင့် ညွှန်ကြားချက်များကို တိတိကျကျ ကျင့်သုံးနေကြောင်း ပြန်လည်ဖြေရှင်းခဲ့သည်။










