ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် တူရကီကလပ် ထရတ်ဇွန်စပေါ်အသင်းအား FFP စည်းမျဉ်း (မျှတစွာသုံးစွဲရေး) ကို ချိုးဖောက်ခဲ့ခြင်းအတွက် လာမည့်ရာသီ ဥရောပပြိုင်ပွဲများမှ တစ်ရာသီထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ရာ ထရတ်ဇွန်စပေါ်အသင်းက အယူခံဝင်မည်မဟုတ်ကြောင်း သိရှိရသည်။
UEFA သည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ယင်းကိစ္စနှင့်ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကာ ယင်းထုတ်ပြန်ကြေညာမှုတွင် ထရတ်ဇွန်စပေါ်အသင်းသည် ဝင်ငွေအပေါ်မူတည်ကာပြန်လည်သုံးစွဲရသည့် ၂၀၁၆ break-even compliant ကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ပါရှိခဲ့ သည်။
UEFA က ယခု ချမှတ်ခဲ့သည့် အရေးယူမှုသည် လာမည့်(၂)ရာသီအတွင်း ထရတ်ဇွန်စပေါ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲဖြစ်စေ၊ ယူရိုပါလိဂ်ပြိုင်ပွဲဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပါက တစ်ရာသီ ပိတ်ပင်ခံရမည် ဖြစ်ကြောင်း ဆိုခဲ့သည်။
ထို့အတွက်ကြောင့် ထရတ်ဇွန်စပေါ်အသင်းသည် (၂)ရာသီအတွင်း ဥရောပပြိုင်ပွဲများကို ဝင်ခွင့်မရခဲ့ဘဲ ယင်းကာလကျော်မှ ဝင်ခွင့်ရလျှင်မူ တစ်ရာသီ ပိတ်ပင်သည့် ပြစ်ဒဏ်မှာအကျုံးဝင် တော့မည်မဟုတ်ချေ။
ထရတ်ဇွန်စပေါ်အသင်းသည် လက်ရှိအချိန်တွင် တူရကီစူပါလိဂ်၌ ထိပ်ဆုံးတွင် ရပ်တည်နေသည့်အသင်းဖြစ်ပြီး ရပ်နားထားသည့် တူရကီ စူပါလိဂ်ပြိုင်ပွဲ ပွဲစဉ်ပြီးဆုံးရန်မှာ (၈)ပွဲကျန်ရှိနေသေးသည်။










