ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားများဖြစ်သည့် မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ထက် လက်ရှိအသင်းဖော်ဖြစ်သူ တိုက်စစ်မှူး လီဝန်ဒေါစကီးနှင့်တွဲကစားရခြင်းကိုသာ ပို၍နှစ်သက်သည်ဟု ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား သောမတ်စ်မူလာက ဝန်ခံခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းတွင် မက်ဆီနှင့် စီရော်နယ်လ်ဒို တစ်ဦးဦးထဲမှ မည်သူ့ကို အသင်းတွင်ရှိစေရန် ဆန္ဒရှိသနည်းဟု မေးမြန်းမှုကို မူလာက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော့်ရဲ့အတိတ်ကာလတွေတုန်းက လီယိုမက်ဆီနဲ့ တွဲကစားရတာကို ကြိုက်နှစ်သက်မိလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကစားသမားဘဝရဲ့ ပထမဆုံး (၆)နှစ် သို့မဟုတ် (၇)နှစ်ကာလမှာ ကျွန်တော်က ဘောလုံးကိုပိုလက်ခံရတဲ့ တိုက်စစ်မှူးဖြစ်လို့ပါ။ ဧရိယာထဲမှာ ဘောလုံးရယူပြီး ဂိုးသွင်းဖို့ ကြိုးစားရတယ်။ လက်ရှိအခိုက်အတန့်မှာ ကျွန်တော့်ရဲ့အလွန်ကောင်းနေတဲ့ ပုံစံက ဂိုးတွေကို ဖန်တီးပေးနေတာပါ။ အခုချိန်မှာ ကျွန်တော်က ခရစ္စတီယာနိုရော်နယ်လ်ဒို ဂိုးတွေပိုသွင်းနိုင်ဖို့ လိုအပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဘိုင်ယန်အသင်းမှာ ရောဘတ် ''Lewan-goal-ski'' ရှိနေပါတယ်။ အခုချိန်မှာ သူဟာ ခရစ္စတီယာနိုထက် ပိုကောင်းမယ့်ရွေးချယ်မှုတစ်ခုလို့ ကျွန်တော် ယူဆပါတယ်။ မက်ဆီရော စီရော်နယ်လ်ဒိုနဲ့ပါ ကျွန်တော် ရင်ဆိုင်ကစားခဲ့ဖူးပါတယ်။ သူတို့ဟာ အလွန့်အလွန်ကောင်းတဲ့ ကစားသမားတွေပါ။ ဘောလုံးလောကအတွင်းက သာမန်အရမ်းကောင်းတဲ့ ကစားသမားတွေလိုမျိုးလည်း မဟုတ်ပါဘူး။ ဒီ(၁၀) နှစ်စလုံးမှာ သူတို့ဟာ အမြဲလိုလို တစ်နှစ်ကို ဂိုး(၅၀)လောက် သွင်းယူနိုင်ခဲ့တယ်။ ဒါဟာ ရူးလောက်စရာပါပဲ''ဟု မူလာက ပြောကြားခဲ့သည်။
ဂျာမန်လက်ရွေးစင်ဟောင်းဖြစ်သူ မူလာသည် နည်းပြသစ် ဟန်ဆီဖလစ်ခ်လက်အောက်တွင် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ယခုရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ဂိုးဖန်တီးမှု (၁၈)ကြိမ်အထိ ပြုလုပ်ထားသည်။










