ရန်ကုန်တိုင်းဒေသကြီး၏ ဖြည့်စွက်ဘတ်ဂျက်တောင်းခံမှုတွင် လိုငွေပြဘတ် ဂျက် ၇၅ ဘီလျံအထိ ပေါ်ပေါက်ခဲ့ခြင်းမှာ မတောင်းခံသင့်သည့် စီမံကိန်းအသစ်များ တောင်းခံခြင်းနှင့် မဖြစ်မနေသုံးစွဲရမည့် အသုံးစရိတ်မဟုတ်ဘဲ တောင်းခံထားခြင်းများကြောင့်ဖြစ်ပြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့် ကွဲလွဲစွာဆောင်ရွက်ခဲ့ဟု တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီက သုံးသပ်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီက ဇွန် ၃ ရက်တွင်ပြုလုပ်သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀) ဒုတိယနေ့တွင် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ငွေကြေးဆိုင်ရာ စိစစ်လေ့လာတွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို တင်ပြရာတွင် အထက်ပါအတိုင်း ထည့်သွင်းသုံး သပ်ခဲ့ခြင်းဖြစ်သည်။
“ဖြည့်စွက်လျာထားချက်တွင် လိုငွေကျပ် ၇၅ ဘီလျံအထိ ပေါ်ပေါက်ရခြင်းမှာ ဖြည့်စွက်ဘတ်ဂျက်တွင် မတောင်းခံသင့်သည့် စီမံကိန်းအသစ်များကို တင်ပြတောင်းခံထားခြင်း၊ ဖြည့်စွက်ဘတ်ဂျက် သုံးစွဲရမည့် ကာလ လေးလခန့်အတွင်း ပြီးစီးနိုင်မည့်လုပ်ငန်း ဟုတ်မဟုတ် စိစစ်မှုမရှိဘဲ တောင်းခံထားခြင်း၊ မဖြစ်မနေသုံးစွဲရမည့် အသုံးစရိတ်မဟုတ်ဘဲ တောင်းခံထားခြင်း၊ ငွေလုံး ငွေရင်း ပမာဏများစွာကို Ongoing Process သဖွယ် ဆက်စပ်တင်ပြတောင်းခံထားခြင်း စသည်တို့ကြောင့်ဖြစ်ရာ အပိုဒ်(၈)၊ အပိုဒ်ခွဲ(ခ)တွင် ဖော်ပြထားသော နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့် ကွဲလွဲစွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး၊ သာကေတမြို့နယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။
ဖြည့်စွက်ခွင့်ပြုငွေတောင်းခံသည့် အဖွဲ့အစည်းများအနေဖြင့် နောင်လာမည့် ဘဏ္ဍာနှစ်များတွင် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ဖြည့်စွက်ရန်ပုံငွေတွင် တောင်းခံခွင့်ရှိသော လျာထားချက်များကိုသာ တင်ပြတောင်းခံရေးကို အလေးအနက်ထား ဆောင်ရွက်ရန်နှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှု မူဘောင်များအတွင်းမှ အဆင့်ဆင့်ကြီးကြပ်လမ်းညွှန်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့် ပြုငွေ (လျာထားချက်) တောင်းခံမှုတွင် လိုငွေပြဘတ်ဂျက် ကျပ် ၇၅ ဘီလျံအထိ ပေါ်ပေါက်ခဲ့ရာ ကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ ညှိနှိုင်းပေးချက်အရ ကျပ်ဘီလျံ ၂၀ ကျော်ခန့်နှင့် ဌာနများကို အသေးစိတ်စိစစ်မှုမှ ကျပ် ၁၂၃၅ ဒသမ ၆၄၄ သန်း လျှော့ချခြင်းတို့ကိုသာ ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက် စုစုပေါင်း ကျပ် ၁၈၁၂၀၃ ဒသမ ၀၉၀ သန်း (လိုငွေ ၅၅ ဘီလျံကျော်)ဖြင့် ဘဏ္ဍာရေး ကော်မရှင်သို့တင်ပြခဲ့ရာ ကျပ် ၄၉၄၃၆ ဒသမ ၄၀၅ သန်း (၄၉ ဘီလျံကျော်ခန့်) ဖြတ်တောက်၍ ကျပ် ၁၃၁၇၆၆ ဒသမ ၆၈၅ သန်း ကို ခွင့်ပြုပေးခဲ့ကြောင်း ကော်မတီက တင်ပြထားသည်။
ထို့ပြင် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းပါ ဖြည့်စွက်ခွင့်ပြု ငွေကျပ် ၁၃၁၇၆၆ ဒသမ ၆၈၅ သန်းသည် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှစ၍ ငါးနှစ်အတွင်း ဒုတိယအများဆုံးပမာဏဖြစ်ကာ ဖြည့်စွက်ခွင့်ပြုငွေကို သုံးစွဲနိုင်မည့် အချိန်ကာလသည် လေးလခန့်သာရှိခြင်း၊ ဖြည့်စွက်ခွင့်ပြုငွေပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရမည့်ကာလမှာ မိုးရာသီကာလ ဖြစ်နေခြင်းတို့သည် ဖြည့်စွက်ခွင့်ပြုငွေ တင်ပြတောင်းခံထားသည့် ဌာန/အဖွဲ့အစည်းများအတွက် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ စနစ်တကျစီမံခန့်ခွဲ သုံးစွဲနိုင်ရေးအတွက် ကြီးမားသည့် ကန့်သတ်ချက်တစ်ရပ်ဖြစ်သည်ဟု သုံးသပ်ရရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဖြည့်စွက်ခွင့်ပြုငွေများ သုံးစွဲရေးနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးကော်မရှင်၏ (၁/ ၂၀၂၀) ကြိမ်မြောက်အစည်းအဝေး၌ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မိန့်ကြားချက်တွင် ပါဝင်သည့် (က) ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရာတွင် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေတွင်ပါဝင်ပြီး ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပြီးစီးနိုင်မည့် ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ မူလခွင့်ပြုချက်ရရှိပြီးသည့် လုပ်ငန်းများနှင့် ဆက်စပ်ဆောင်ရွက်ရန် လိုအပ်သည့် ငွေရပ်ကိုသာ တောင်းခံရန်၊ တောင်းခံခဲ့သည့် လုပ်ငန်းများကို တောင်းခံချက်ပါအတိုင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးနှင့် တောင်းခံငွေများကို အပြည့်အဝသုံးစွဲနိုင်ရေး၊ (ခ) ဖြည့်စွက်ခွင့် ပြုငွေများကို သုံးစွဲနိုင်ခြင်းမရှိ၍ ပြန်လည်အပ်နှံရမည်ဆိုပါက ဌာန၊ အဖွဲ့အစည်းများ၏ ကြီးလေးသည့် ချို့ယွင်းချက်ဖြစ်သည့်အတွက် မဖြစ်မနေသုံးစွဲရန် လိုအပ်သည့် အသုံးစရိတ်များကိုသာ တောင်းခံကြရန်၊ (ဂ) ထပ်မံခွင့်ပြုပေးမည့် အသုံးစရိတ်များကို ဘဏ္ဍာနှစ်အတွင်း ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ စနစ်တကျစိစစ်သုံးစွဲရန်၊ (ဃ) နိုင်ငံခြားသုံးငွေသုံးစွဲမှုများကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်နှင့် တတ်နိုင်သမျှ ပြည်တွင်းကျပ်ငွေဖြင့်သာ သုံးစွဲကြရန်၊ (င) COVID-19 ကြောင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းမှုရှိနိုင်သဖြင့် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းအပေါ် ထိခိုက်နိုင်မှုကို ကြိုတင်သုံးသပ်တွက်ချက်ထားရန်၊ (စ) ဖြည့်စွက်ခွင့်ပြုငွေများကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုကြရန်၊ လုပ်ငန်းစီမံကိန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရန်နှင့် အရည်အသွေးပြည့်မီစေရန် စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်၊ (ဆ) လုပ်ထုံးလုပ်နည်းနှင့် မညီသော တင်ဒါခေါ်ယူမှုများ၊ တင်ဒါစည်းမျဉ်းများအတွင်း လက်တစ်လုံးခြား ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက် ၁/၂၀၁၇ နှင့်အညီ ဆောင်ရွက်ကြရန်တို့ကို အလေးအနက်ထား လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကော်မတီက အစီရင်ခံစာတွင် ပြောကြားထားသည်။















