နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း ပြည်ပခရီးစဉ်ပျံသန်းမှုများကို ဇွန် ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်း

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း ပြည်ပခရီးစဉ်ပျံသန်းမှုများကို ဇွန် ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်း
 မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအားတွေရစဉ်
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအားတွေရစဉ်
Published 3 June 2020
ရွှန်းလဲ့ဝင်း

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း ပြည်ပခရီးစဉ်ပျံသန်းမှုများကို ဇွန် ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းထားကြောင်း သတင်းရရှိသည်။ လက်ရှိအချိန်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် ကယ်ဆယ်ရေးခရီးစဉ်နှင့် ကုန်တင်လေယာဉ်ခရီးစဉ်များသာ ပျံသန်းနေခြင်းဖြစ်သည်။

“လက်ရှိမှာတော့ ကယ်ဆယ်ရေးလေ ယာဉ်ခရီးစဉ်တွေနဲ့ ကုန်တင်လေယာဉ် ခရီးစဉ်တွေကိုပဲ ပျံသန်းနေပါတယ်။ ပြည်ပခရီးစဉ် ပျံသန်းမှုကို ဇွန် ၃၀ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်းထားပါတယ်” ဟု မြန်မာအမျိုးသား လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာအမျိုးသားလေကြောင်းလိုင်းက ကယ်ဆယ်ရေးခရီးစဉ်အား ခြောက်ကြိမ်အထိ ပျံသန်းခဲ့ပြီး မြန်မာနိုင်ငံသား ၈၇၃ ဦးအား ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းက မေ ၃၁ ရက်က စင်ကာပူနိုင်ငံသို့ ပျံသန်းခဲ့သည့်ခြောက်ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်၌ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ ရပ်နားခံထားရသူများအပါအဝင် မြန်မာနိုင်ငံသား ၁၅၁ ဦး လိုက်ပါလာခဲ့ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စင်ကာပူရောက် မြန်မာ ၈၇၃ ဦးအား ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသား ၁၅၁ ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ် ခြောက်ကြိမ်မြောက်အဖြစ် မေ ၃၁ ရက်က ပြန်လည်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်တွင် စင်ကာပူနိုင်ငံသို့ ကာလတိုလာရောက်စဉ် ပိတ်မိနေသူများ၊ စင်ကာပူနိုင်ငံတွင် ပြစ်ဒဏ်ကျခံပြီး  ပြန်လည်လွတ်မြောက်လာသူများ၊ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ ရပ်နားခံထားရသူများ အပါအဝင် စုစုပေါင်း ၁၅၁ ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။

ပြည်ပရောက် မြန်မာများ ပြန်လာနိုင်ရန် မြန်မာအမျိုးသားလေကြောင်းလိုင်းက ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များ ပျံသန်းခဲ့ရာ ပထမအကြိမ်အဖြစ် မေ ၇ ရက်တွင် ၁၄၄ ဦး၊ မေ ၉ ရက်တွင် ၁၄၄ ဦး၊ မေ ၁၃ ရက်တွင် ၁၄၅ ဦး၊ လေးကြိမ်မြောက်တွင် ၁၄၄ ဦး၊ ငါးကြိမ်မြောက်တွင် ၁၄၅ ဦး ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်ရာ ခြောက်ကြိမ်မြောက်အပါအဝင် စင်ကာပူရောက်မြန်မာစုစုပေါင်း ၈၇၃ ဦးအား ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

COVID-19 ကြောင့် ပြည်ပခရီးစဉ် ပျံသန်းမှုရပ်ဆိုင်းထားသည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ကုန်စည်များတင်ပို့နိုင်ရန် ရန်ကုန်- စင်ကာပူ- ရန်ကုန် Carggo လေကြောင်းခရီးစဉ်အား မေ ၂၈ ရက်က ပျံသန်းခဲ့သည်။

COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံတွင်းလူသုံးကုန်ပစ္စည်းများ မပြတ်လပ်စေရေးနှင့် တင်ပို့ရမည့် လူသုံးကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် Cargo ခရီးစဉ်များအား နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ပျံသန်းနေခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခရီးသည်တင်လေယာဉ်များ ဆင်းသက်ခွင့် ရပ်ဆိုင်းထားသည့် အချိန်ကာလတွင် ပျံသန်းမည့်အဆိုပါ Cargo စင်းလုံးငှား ခရီးစဉ်များတွင် ကုန်စည်များသာ တင်ပို့နိုင်မည်ဖြစ်ပြီး ခရီးသည်များ လိုက်ပါနိုင်ခြင်းမရှိကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း Asia Region တွင် Cargo စင်းလုံးငှားခရီးစဉ်များကို သက်သာသောနှုန်းထားဖြင့် ပျံသန်းပေးနေကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံတကာလေကြောင်းခရီးစဉ်ပျံသန်းမှုများ ဆိုင်းငံ့ထားချိန်မှစ၍ လက်ရှိအချိန်ထိ မြန်မာလေကြောင်းလိုင်းနှစ်ခုဖြစ်သည့် MNA နှင့် MAI တို့အပါအဝင် ပြည်ပနိုင်ငံအချို့မှ လေကြောင်းလိုင်းအသီးသီးမှ ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး အထူးခရီးစဉ် ပေါင်း ၈၁ ခု ပျံသန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်များသည် လေကြောင်းကယ်ဆယ်ရေး ခရီးလုပ်ငန်းစဉ်များကို ထောက်ပံ့ပေးနိုင်ရုံသာမက နိုင်ငံတစ်ဝန်းတွင် လိုအပ်နေသော ဆေးဝါးဆိုင်ရာထောက်ပံ့မှုများ ပြုလုပ်နိုင်ပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ်ရာတွင် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများကိုလည်း ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။                    

 

Most Read

Most Recent