ရန်ကုန်- မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ရောက်ရှိလာသည့် ဂျပန်နိုင်ငံမှ ရထားသံလမ်းတွဲများကို အုတ်တွင်းလုပ်ငန်းခွင်သို့ ပို့ဆောင်မည်

ရန်ကုန်- မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ရောက်ရှိလာသည့် ဂျပန်နိုင်ငံမှ ရထားသံလမ်းတွဲများကို အုတ်တွင်းလုပ်ငန်းခွင်သို့ ပို့ဆောင်မည်
 ဆူးလေဆိပ်ကမ်းသို့ရောက်ရှိလာသည့် သံလမ်းတင်သင်္ဘောအား တွေ့ရစဉ်
ဆူးလေဆိပ်ကမ်းသို့ရောက်ရှိလာသည့် သံလမ်းတင်သင်္ဘောအား တွေ့ရစဉ်
Published 3 June 2020
ရွှန်းလဲ့ဝင်း

ရန်ကုန်- မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ရောက်ရှိလာသည့် ဂျပန်နိုင်ငံမှ ရထားသံလမ်းတွဲများကို အုတ်တွင်းလုပ်ငန်းခွင်သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ရန်ကုန်- မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေးအတွက် ဂျပန်နိုင်ငံမှ မှာယူသည့် ရထားသံလမ်းတွဲများမှာ ဇွန် ၁ ရက်က ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဇွန် ၃ ရက်က သင်္ဘောမှ ချယူခြင်းလုပ်ငန်းပြီး ဆုံးခဲ့ကြောင်း သိရသည်။

“အားလုံးရထားဆိုင်း ၁၂ ခေါက်သယ်ရပါတယ်။ ဇွန် ၁ ရက် မနက်ပိုင်းကစပြီး သင်္ဘောပေါ်က သယ်ချပါတယ်။ ပထမရွှေ့တာက ရွာသာကြီးကိုရွှေ့ပါတယ်။ ကိုးခေါက်က ယာယီစုပုံထားပြီး နောက်ဆုံးသုံးခေါက်ကို ရထားနှစ်စင်းခွဲတွင်း အုတ်တွင်းလုပ်ငန်းခွင်ကို ပို့ဆောင်သွားမှာပါ” ဟုမြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိဆောင်ရွက်နေသည့် ရန်ကုန်- မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း Phase 1 တွင် DEMU ရထား ၂၄ စီးနှင့် Phase 2 တွင် ရထားအစီးရေ ၁၈၀ ဝယ်ယူသွားမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက စုစုပေါင်း ရထားတွဲအသစ် ၂၀၄ စီးဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

ရန်ကုန်- မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့် (၁) တစ်ခုလုံးအား ဂျပန်ယန်း ၁၁၁ ဘီလျံ သုံးစွဲသွားမည်ဖြစ်ပြီး မြန်မာ့မီးရထား၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာနမှ Rolling Stock နှင့်ပတ်သက်၍ ၇ ဒသမ ၂၄၅ ဘီလျံနှင့် DEMU ၂၄ စီး ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် Phase 2 တွင် ရထားအစီးရေ ၁၈၀  စုစုပေါင်း ၂၀၄ စီး ဝယ်ယူသွားရန် လျာထားကြောင်း သိရသည်။ အဆိုပါ DEMU ရထားတွဲများမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် အဆင်သင့်ဖြစ်မည်ဖြစ်ကြောင်း သိရသည်။

“Phase 1 မှာ ပြေးမယ့် ရထားတစ်စီး တန်ဖိုးက အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ မီလျံ လောက်ရှိပါတယ်။ Phase 2 မှာ ရှိတဲ့ အစီး ၁၈၀ က ၂  ဒသမ ၂၇ လောက်ရှိတယ်ပေါ့။ DEMU ၂၀၄ စီးအတွက် ပျမ်းမျှတန်ဖိုးက တစ်စီးကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းလောက် တန်ဖိုးရှိပါတယ်။ နောက် DEMU တွေ ရောက်တဲ့အခါမှာ သူတို့အတွက်ကို Maintenance လုပ်ဖို့  Depot & Workshop ကိုလည်း CP-105 ဖြင့် ဆောင်ရွက်ဖို့ရှိပါတယ်။ နောက်တစ်ခါ ဘူတာချိန်၊ အချက်ပြတွေအတွက်ကို လျှပ်စစ်မီးရရှိရေးအတွက် ပရောဂျက်လည်းပါပါတယ်။ အခုဆို ဒီပရောဂျက်တွေက ၂၅ ရာခိုင်နှုန်း ပြီးနေပါပြီ။ ရထားတွဲအသစ် ၂၀၄ စင်း ရောက်တဲ့အခါ အခြားအဓိကလမ်းပိုင်းတွေဖြစ်တဲ့ မန္တလေး-မြစ်ကြီးနား၊ ရန်ကုန် - မော်လမြိုင်နဲ့ ရန်ကုန်- ပြည်တို့မှာလည်း ပြောင်းလဲသုံးစွဲလို့ရပါတယ်” ဟု မြန်မာ့မီးရထား၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူက ပြောကြားသည်။                  

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်က ရန်ကုန်- မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့် (၁) အပိုင်း (၃) အတွက် ချေးငွေပမာဏ ယန်းငွေ ၄၀ ဒသမ ၆၀၄ ဘီလျံ၊ သီလဝါဧရိယာတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အပိုင်း (၃) အတွက် ချေးငွေပမာဏ ယန်းငွေ ၇ ဒသမ ၃၃၉ ဘီလျံ ပေးအပ်ရန် ဂျပန်အိုဒီအေ ချေးငွေစာချုပ်များအား နှစ်နိုင်ငံတာဝန်ရှိ သူများက လက်မှတ်ရေးထိုးခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သတင်းရရှိသည်။

အဆိုပါစီမံကိန်းနှစ်ခုအတွက် ဒေါ်လာ ၄၄၅ သန်းတန်ဖိုးရှိ ဂျပန်ချေးငွေစာချုပ်များအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန မှတာဝန်ရှိသူများ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယခုချေးငွေပေးအပ်မည့် ရန်ကုန်- မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့် (၁) အပိုင်း (၃) မှာ ရန်ကုန်မှ မန္တလေးအထိ ရထားလမ်းအရှည် ၆၂၀ ကီလို မီတာအကွာအဝေးအား ဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်ကြောင်း သိရသည်။

JICA ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီချေးငွေနှင့် နိုင်ငံဘဏ္ဍာငွေမှ ကျခံသုံးစွဲ၍ ရန်ကုန် -မန္တလေးရထားလမ်းပိုင်းအား အဆင့် (၁) ရန်ကုန် - တောင်ငူ ၁၆၆ မိုင်နှင့် အဆင့် (၂) တောင်ငူ- မန္တလေး ၂၁၉ မိုင်ဟူ၍ အဆင့်နှစ် ဆင့်ခွဲခြားသတ်မှတ်ပြီး ရထားလမ်းအဆင့် မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။

ရန်ကုန်- မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့် (၂) တောင်ငူ- မန္တလေး ရထားလမ်းပိုင်းအတွက် မြန်မာ့မီးရထားနှင့် Construction for Consultancy Services (CMC) တို့ စာချုပ်လက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်သည်။

 

Most Read

Most Recent