ဘရာဇီးလ်ဂန္ထဝင် ဘောလုံးသမားဟောင်းတစ်ဦး ဖြစ်သူ ရော်နယ်လ်ဒိုလူးဝစ်ဇ်နာဇရီယိုက လက်ရှိဘောလုံးကမ္ဘာတွင် အကောင်းဆုံးဘောလုံးသမားမှာ မက်ဆီဖြစ်ကြောင်း သုံးသပ်ခဲ့ပြီး၊ လိဂ်ပြိုင်ပွဲများထဲတွင်လည်း လာလီဂါပြိုင်ပွဲက အကောင်းဆုံးဖြစ်သည်ဟု ဆိုခဲ့သည်။
ရော်နယ်လ်ဒိုသည် အကောင်းဆုံးကစားသမားဆုအတွက် သုံးသပ်ရာတွင် မက်ဆီကို ထိပ်ဆုံးတွင် နေရာပေးခဲ့ပြီးနောက် အခြားကစားသမား (၄)ဦး၏ အမည်များကို ထပ်မံပြောကြားခဲ့ပြီး သူပြောခဲ့သည့် ကစားသမား (၅)ဦးထဲ၌ မက်ဆီ၏ အစဉ်အလာပြိုင်ဘက်ဖြစ်သူ စီရော်နယ်လ်ဒို မပါဝင်ခဲ့ချေ။
ရော်နယ်လ်ဒိုလူးဝစ်ဇ်နာဇရီယိုက "မော်ဒန်ဘောလုံးမှာလည်း နံပါတ် (၁)ကစားသမားက မက်ဆီပါပဲ။ သူ့လိုကစားသမားမျိုးကို ထပ်တွေ့ဖို့ဆိုတာ နှစ်ပေါင်း (၂၀၊ ၃၀)လောက် စောင့်ရပါလိမ့်မယ်။ မက်ဆီလိုပဲ ဆာလာ၊ ဟာဇက်၊ နေမာ၊ ဘာပေတို့ ကစားပုံကို စောင့်ကြည့်ရတာကိုလည်း ကျွန်တော်ကြိုက်ပါတယ်" ဟု ပြောကြားခဲ့ပြီး စီရော်နယ်လ်ဒို၏ အမည်ကိုမူ ထည့်သွင်းပြောဆိုခြင်းမရှိခဲ့ချေ။
ရော်နယ်လ်ဒိုသည် ဘာပေနှင့် ၎င်းအား နှိုင်းယှဉ်နေကြခြင်းနှင့် ပတ်သက်၍လည်း "လူတော်တော်များများက ဘာပေနဲ့ ကျွန်တော့်ကို နှိုင်းယှဉ်ပြီး ပြောကြပါတယ်။ သူက အရမ်းမြန်တယ်။ အဆုံးသတ်ပုံကောင်းတယ်။ ရွေ့လျားပုံကောင်းတယ်။ ခြေနှစ်ချောင်းစလုံးနဲ့ ကောင်းကောင်း ကစားနိုင်တယ်။ ကျွန်တော်တို့ကြားမှာ တူညီတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဖြတ်သန်းရာခေတ်ချင်းမတူတဲ့ ကစားသမားနှစ်ဦးကို နှိုင်းယှဉ်ရတာ တကယ်ခက်ပါတယ်။ အခြေအနေတွေက မတူပါဘူး" ဟု ဆိုခဲ့သည်။
ရော်နယ်လ်ဒိုသည် လက်ရှိအချိန်တွင် လာလီဂါကလပ်ဗယ်လာဒိုးလစ်အသင်းကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူ၏လိဂ်ပြိုင်ပွဲသည် ပရီးမီးယားလိဂ်ကိုကျော်ကာ ကမ္ဘာ့အ ကောင်းဆုံးလိဂ်ပြိုင်ပွဲဖြစ်သည်ဟုလည်း ဆိုခဲ့သည်။
"ပရီးမီးယားလိဂ်က ကျွန်တော်တို့လိဂ်ထက် ပိုမကောင်းပါဘူး။ ရုပ်သံဝင်ငွေအရ သူတု့ိက ပိုများတယ်ဆိုရင်တောင် ကမ္ဘာ့အကောင်းဆုံးကစားသမားတွေက လာလီဂါကပဲ ထွက်ပေါ်ခဲ့တာပါ။ လက်ရှိ ကမ္ဘာ့အကောင်းဆုံးကစားသမားအများစုကလည်း လာလီဂါမှာပဲ ကစားနေကြပါတယ်" ဟု AS သတင်းစာသို့ ပြောကြားခဲ့သည်။










