အခွန်ငွေ ယူရို (၁.၁)သန်းကျော်ပေးဆောင်ရန် ပျက်ကွက်မှုကြောင့် ဒီယေဂိုကော်စတာ စစ်ဆေးခံရမည်

အခွန်ငွေ ယူရို (၁.၁)သန်းကျော်ပေးဆောင်ရန် ပျက်ကွက်မှုကြောင့် ဒီယေဂိုကော်စတာ စစ်ဆေးခံရမည်
Published 1 June 2020

အက်သလက်တီကိုအသင်း၏ တိုက်စစ်မှူး ဒီယေဂိုကော်စတာသည် ပုံရိပ်အသုံးပြုခဝင်ငွေအတွက် အခွန်ငွေ ယူရို (၁.၁)သန်းကျော် ပေးဆောင်ရန် ပျက်ကွက်မှုကြောင့် လာမည့်ဇွန်လ (၄)ရက်နေ့တွင် စစ်ဆေးခံရမည်ဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။ 

ဒီယေဂိုကော်စတာသည် ၂၀၁၄ ခုနှစ်နွေရာသီအပြောင်းအရွှေ့က အက်သလက်တီကိုအသင်းမှ ချယ်လ်ဆီးအသင်းသို့ပြောင်းရွှေ့ခဲ့ပြီး ယင်းအချိန်မှစတင်ရေတွက်ပါက ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အထိ (၆)နှစ်ကျော်ကာလအတွင်း အခွန်ငွေ ယူရို (၁.၁၄)သန်း ကျော်ပေးဆောင်ရန် ပျက်ကွက်ခဲ့သည့်အတွက် ယခုကဲ့သို့စစ်ဆေးခံရခြင်းလည်းဖြစ်သည်။ 

ဒီယေဂိုကော်စတာအား အစိုးရရှေ့နေများက ထောင်ဒဏ် (၆)လနှင့် ယူရို (၅)သိန်းကျော် ဒဏ်ရိုက်ရန် တောင်းဆိုထားကြောင်း သိရသည်။

သို့သော် စပိန်နိုင်ငံ၏ ဥပဒေအရ ထောင်ဒဏ်(၂)နှစ်အောက်သာ ကျခံရမည့် အသေးစားပြစ်မှုများကို ဒဏ်ငွေပေးဆောင်ခြင်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်သောကြောင့် ဒီယေဂိုကော်စတာအနေဖြင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့လျှင်ပင် ထောင်ဒဏ်ကျခံရဖွယ်မရှိကြောင်းလည်း သိရသည်။

Most Read

Most Recent