အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက စီးရီးအေပြိုင်ပွဲပြန်လည်စတင်ချိန်တွင် ဘောလုံးကွင်းအနီးပတ်ဝန်းကျင်နှင့် စားသောက်ဆိုင်များ၌ လူစုလူဝေးမဖြစ်ပေါ်စေရန် စီးရီးအေပွဲစဉ်များကို ရုပ်သံမှ အခမဲ့ ပြသွားရန် စီစဉ်နေသည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ရပ်နားထားရသည့် စီးရီးအေပြိုင်ပွဲကို လာမည့်ဇွန်လ (၂၀)ရက်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း စပါဒါဖိုရာက ပြီးခဲ့သည့် မေလ (၂၈)ရက်က အတည်ပြုကြေညာခဲ့သည်။
ထို့နောက် စီးရီးအေပြိုင်ပွဲပြန်လည်စတင်ချိန်တွင် ကျင့်သုံးမည့် လုပ်ထုံးလုပ်နည်းများစွာနှင့်အတူ ပရိသတ်များနေအိမ်၌ စီးရီးအေပွဲစဉ်များ အဆင်ပြေစွာ ကြည့်ရှုနိုင်အောင် စပါဒါဖိုရာက စဉ်းစားနေခြင်းဖြစ်သည်။
Rai 2 ရုပ်သံနှင့် ဆုံတွေ့ရာတွင် စပါဒါဖိုရာက ''စီးရီးအေပွဲစဉ်တွေ အခမဲ့ကြည့်ရှုနိုင်အောင် စီစဉ်ပေးသွားပါမယ်။ စိုးရိမ်မှုတွေကတော့ ရှိနေဆဲပါပဲ။ ကျွန်တော်တို့အနေနဲ့ မှန်ကန်တဲ့တာဝန်ယူမှုနဲ့အတူ ဆုံးဖြတ်ချက်တွေ ချမှတ်သွားပါမယ်။ ပြိုင်ပွဲတွေပြန်လည်စတင်နိုင်တော့မယ့်အတွက်လည်း ကျွန်တော် ပျော်ရွှင်ရပါတယ်။ ဒါပေမဲ့ လူစုလူဝေးနဲ့ နီးကပ်စွာ နေထိုင်တာတွေ မလုပ်သင့်သေးပါဘူး။ ရုပ်သံကုမ္ပဏီတွေကို မေးမြန်းမှုတွေ လုပ်ထားပြီး ပွဲစဉ်တွေ အကုန်လုံးမဟုတ်ရင်တောင် ပွဲအနည်းငယ်ကို ရုပ်သံကနေ အခမဲ့ပြသနိုင်အောင် ကြိုးပမ်းသွားပါမယ်'' ဟု ပြောကြားခဲ့သည်။
စီးရီးအေပြိုင်ပွဲကို ရုပ်သံမှအခမဲ့ပြသခွင့်ရရှိရန် အီတလီအားကစားဝန်ကြီး စပါဒါဖိုရာ ကြိုးပမ်းနေသလို၊ ပရီးမီးယားလိဂ်နှင့် လာလီဂါပြိုင်ပွဲကိုလည်း ရုပ်သံမှ အခမဲ့ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
စီးရီးအေပြိုင်ပွဲပြန်လည်မစတင်မီတွင် ကိုပါအီတာလီယာဆီမီးဖိုင်နယ် ဒုတိယအကျော့နှင့် ဗိုလ်လုပွဲများကို ဇွန်လ (၁၂)ရက်မှ (၁၇)ရက်အတွင်း ကျင်းပသွားရန် စီစဉ်ထားသည်။










