မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် နိုင်ငံခြားကုန်သည်ကြီးများအသင်းအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် နိုင်ငံခြားကုန်သည်ကြီးများအသင်းအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီးဦးဆက်အောင်၊ ဦးဗရတ်ဆင်းတို့ Video Conferencing စနစ်ဖြင့် ပါဝင်ဆွေးနွေးစဉ်  (ဓာတ်ပုံ- MIFER)
ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီးဦးဆက်အောင်၊ ဦးဗရတ်ဆင်းတို့ Video Conferencing စနစ်ဖြင့် ပါဝင်ဆွေးနွေးစဉ်  (ဓာတ်ပုံ- MIFER)
Published 30 May 2020
နီလာ

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် နိုင်ငံခြားကုန်သည်ကြီးများ အသင်းအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER) မှ သိရသည်။

AustCham Myanmar က ဦးဆောင်ကျင်းပသည့် Webinar ကို မေ ၂၉ ရက်က ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

AustCham Myanmar က ဦးဆောင်ကျင်းပသည့် နိုင်ငံခြားကုန်သည်ကြီးများအသင်းနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များဆိုင်ရာ Webinar ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဆက်အောင်၊ ဦးဗရတ်ဆင်းနှင့်အတူ ရုံးအမှတ် (၁) နေပြည်တော်မှ Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွ ပူးပေါင်းဆောင်ရွက်ရေးအတွက် ယခုကဲ့သို့သော ဆွေးနွေးမှုများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စက်ရုံအလုပ်ရုံများနှင့် အိမ်ထောင်စုများ ကြုံတွေ့ရလျက်ရှိသည့် ဘဏ္ဍာရေးဆိုင်ရာအခက်အခဲများကို လျော့ပါးစေရေးအတွက် COVID-19 Fund နှင့် ဥရောပသမဂ္ဂ၏ ငွေကြေး  ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် “မြန်ကူ” အစီအစဉ်ကဲ့သို့သော အစီအစဉ်များမှတစ်ဆင့် ငွေကြေးထောက်ပံ့မှုများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်အစီအမံများကို ဒုတိယဝန်ကြီး ဦးဆက်အောင်က အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းက COVID-19 ကပ်ရောဂါ ဖြစ်ပွားနေဆဲဖြစ်သော်လည်း လက်ရှိဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီးဝင်မှုမှာ ဒေါ်လာ ၄ ဒသမ ၁ ဘီလျံကျော် စီးဝင်ပြီးဖြစ်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်ဖြစ်သည့် ဒေါ်လာ ၅ ဒသမ ၈ ဘီလျံကို ပြည့်မီနိုင်မည်ဟု မျှော်မှန်းကြောင်း ပြောကြားခဲ့သည်။

AustCham Myanmar ၏ Chairperson ဖြစ်သူ Mr.Chris Hughes က နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးပြန်လည် ဦးမော့လာစေရေးဆောင်ရွက်မှုများကို တိုက်ရိုက်သိရှိခွင့်ရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမောစွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများနှင့် လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည့်အတွက် မိမိတို့အနေဖြင့် ကြိုဆိုပါကြောင်း၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် မိမိတို့ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်အစိုးရနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံခြားကုန်သည်ကြီးများအသင်း ၁၅ ခုမှ ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ယခုဘဏ္ဍာနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု လျာထားချက် ပြည့်မီရန် ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ လိုအပ်နေသေးသော်လည်း ထပ်မံခွင့်ပြုပေးရန် ရင်းနှီးမြှုပ်နှံမှုအသစ် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါးနှင့် ကျန်ကာလအတွင်း ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် လျာထားချက်ပြည့်မီနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းလျာထားချက်မှာ ဒေါ်လာ ၅ ဒမသ ၈ ဘီလျံဖြစ်သည်။ လက်ရှိအချိန်အထိ ဒေါ်လာ ၃ ဒသမ ၄ ဘီလျံခွင့်ပြုပေးထားသဖြင့် လျာထားချက်ပြည့်မီရန် ဒေါ်လာ ၂ ဒသမ ၄ ဘီလျံ လိုအပ်နေသေးသည်။

“ အသစ်လျှောက်ထားမည့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနီးပါး ရှိပြီး လိုအပ်ချက်များကို စစ်ဆေးနေပါတယ်။ ကျန်ရှိကာလများတွင် အသစ်လျှောက်ထားမယ့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးများ ပေါင်းပါက ရည်မှန်းချက် ရောက်ရှိနိုင်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

Most Read

Most Recent