ဘဏ္ဍာနှစ်စဉ် အရှုံးပေါ်နေသည့် မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်လည်း ကျပ် ၁၃ ဘီလျံကျော် လိုငွေဖြစ်ပြီး အရှုံးပေါ်ခဲ့ကြောင်း သိရ

ဘဏ္ဍာနှစ်စဉ် အရှုံးပေါ်နေသည့် မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်လည်း ကျပ် ၁၃ ဘီလျံကျော် လိုငွေဖြစ်ပြီး အရှုံးပေါ်ခဲ့ကြောင်း သိရ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆိုက်ကပ်ထားသည့် မြန်မာ့အမျိုးသား လေကြောင်းမှ လေယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆိုက်ကပ်ထားသည့် မြန်မာ့အမျိုးသား လေကြောင်းမှ လေယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)
Published 28 May 2020
ဖြိုးဝေ

ဘဏ္ဍာနှစ်စဉ် အရှုံးပေါ်နေသည့် မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်လည်း ကျပ် ၁၃ ဘီလျံကျော် လိုငွေဖြစ်ကာ အရှုံးပေါ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ အမှတ်စဉ် (၅/၂၀၂၀ )အရ သိရသည်။

ဘဏ္ဍာနှစ် သုံးနှစ်အတွင်း ကျပ် ၁၈ ဘီလျံကျော် အရှုံးပေါ်ခဲ့သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း၏ လုပ်ငန်းလည်ပတ်မှု မှာ ၂၀၁၈ ခြောက်လ ဘဏ္ဍာနှစ်တွင်လည်း ကျပ် ၃ ဒသမ ၇ ဘီလျံကျော် လိုငွေဖြစ်ပေါ်ကာ အရှုံးပြခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ သိရသည်။

ကုမ္ပဏီအသွင်ကူးပြောင်း၍ လုပ်ငန်းဆောင်ရွက်နေသည့် မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် အရှုံးပေါ်နေဆဲဖြစ်ပြီး ဘဏ္ဍာနှစ် သုံးနှစ်အတွင်း ကျပ် ၁၈ ဘီလျံကျော် အရှုံးပေါ်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ “ပြည်ထောင်စု စာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်” အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၃-၂၀၁၄ ခုနှစ်မှစ၍ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေပြင်ပမှ လုပ်ငန်းဆောင်ရွက်ခဲ့သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် မြန်မာ့လေကြောင်းက ပိုင်ဆိုင်ခဲ့သည့် ငွေကြေး၊ ရွှေ့ပြောင်း/မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများနှင့် ပြောင်းရွှေ့တာဝန် ထမ်းဆောင်သည့် ဝန်ထမ်းများ၏ ပင်စင်လစာများကိုလည်း တာဝန်ယူနေရပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၈ ဒသမ ၉၆၂ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၅ ဒသမ ၆၉၅ ဘီလျံနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃ ဒသမ ၄၀၁ ဘီလျံ အရှုံးပေါ်ခဲ့ ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၈ ဘဏ္ဍာနှစ်တိုတွင်လည်း မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် မူလဝင်ငွေ လျာထားချက်တွင် ကျပ် ၈၁၉၃၃ သန်းကျော် လျာထားပြီး အသုံးစရိတ်အဖြစ် ကျပ် ၇၈၅၁၁ သန်းကျော် လျာထားကာ ကျပ် သန်း ၃၄၀၀ ကျော် ပိုငွေပြရန် လျာထားခဲ့သော်လည်း ဝင်ငွေလျော့ကျမှုကြောင့် ယာယီစာရင်းတွင် ၂၀၁၈ ခြောက်လကာလအတွက် မြန်မာအမျိုးသား လေကြောင်းလိုင်း၏ ဝင်ငွေမှာ ကျပ် ၇၄၃၇၆ သန်းသာရှိခဲ့ပြီး အသုံးစရိတ်မှာ ကျပ် ၇၈၀၈၇ သန်းအထိ ရှိခဲ့သဖြင့် ကျပ်သန်း ၃၇၁၀ ကျော် လိုငွေပြကာ အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာ အမျိုးသား လေကြောင်းလိုင်း အနေဖြင့် ဝင်ငွေ ကျပ် ၁၈၅၁၉၉ ဒသမ ၇၂ သန်း ရရှိခဲ့သော်လည်း သုံးငွေမှာ ကျပ် ၁၉၈၉၂၃ ဒသမ ၉၁ သန်းရှိခဲ့သည့်အတွက် လိုငွေအဖြစ် ကျပ် ၁၃၇၂၄ ဒသမ ၁၉ သန်း (ကျပ် ၁၃ ဒသမ ၇၂ ဘီလျံ) ဖြစ်ပေါ်ကာ အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် ဘဏ္ဍာနှစ် ငါးနှစ်အတွင်း အရှုံးပေါ်မှု အများဆုံးဖြစ်ခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံတော် စီးပွားရေး အဖွဲ့အစည်း ရှစ်ခုအနက် ခြောက်ခုမှာ လိုငွေဖြစ်ပေါ်နေပြီး နှစ်ခုသာ ပိုငွေဖြစ်ရာတွင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေ ပြင်ပမှ မြန်မာအမျိုးသား လေကြောင်းနှင့် မြန်မာ့သင်္ဘောကျင်း လုပ်ငန်းတို့မှ လိုငွေ ကျပ် ၁၄၃၈၃ ဒသမ ၈၉ သန်း ဖြစ်ပေါ်ရာတွင် မြန်မာအမျိုးသား လေကြောင်းက အရှုံးပေါ်မှု၏ ၉၅ ဒသမ ၄၁ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ထို့ကြောင့် မြန်မာအမျိုးသား လေကြောင်း၏ အသုံးစရိတ်များကို ထိရောက်မှု ရှိစေရေး စီမံခန့်ခွဲပြီး ပိုငွေရရှိအောင် နည်းလမ်းသစ်များဖြင့် ဆောင်ရွက်သင့်ကြောင်း အကြံပြုထားသည်။

 

Most Read

Most Recent