ရန်ကုန်စတော့အိတ်ချိန်း၏ ခြောက်ခုမြောက်စာရင်းဝင် EFR ကုမ္ပဏီ၏ အစုရှယ်ယာများကို မေ ၂၈ ရက်တွင် စတင်ရောင်းချရာ ရှယ်ယာတစ်စု ကျပ် ၂၇၀၀ နှင့် ၂၇၅၀ အကြားစျေးနှုန်းဖြင့် အစုရှယ်ယာပေါင်း သုံးသောင်းကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့

ရန်ကုန်စတော့အိတ်ချိန်း၏ ခြောက်ခုမြောက်စာရင်းဝင် EFR ကုမ္ပဏီ၏ အစုရှယ်ယာများကို မေ ၂၈ ရက်တွင် စတင်ရောင်းချရာ ရှယ်ယာတစ်စု ကျပ် ၂၇၀၀ နှင့် ၂၇၅၀ အကြားစျေးနှုန်းဖြင့် အစုရှယ်ယာပေါင်း သုံးသောင်းကျော် အရောင်းအဝယ် ဖြစ်ပေါ်ခဲ့
ရန်ကုန်စတော့အိတ်ချိန်းသို့ EFR ကုမ္ပဏီ စာရင်းဝင်ခြင်း အောင်ဇေယျတု ခေါင်းလောင်း တီးခတ်နေမှု မြင်ကွင်းကို တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်းသို့ EFR ကုမ္ပဏီ စာရင်းဝင်ခြင်း အောင်ဇေယျတု ခေါင်းလောင်း တီးခတ်နေမှု မြင်ကွင်းကို တွေ့ရစဉ်
Published 28 May 2020

ရန်ကုန်စတော့အိတ်ချိန်းတွင် ခြောက်ခုမြောက် စာရင်းဝင်ကုမ္ပဏီ ဖြစ်လာခဲ့သည့် EFR ကုမ္ပဏီ၏ အစုရှယ်ယာများကို မေ ၂၈ ရက်တွင် စတင်ရောင်းချရာ ရှယ်ယာတစ်စု ကျပ် ၂၇၀၀ နှင့် ကျပ် ၂၇၅၀ စျေးနှုန်းများဖြင့် အစုပေါင်း ၃၁၁၉၆ စု အရောင်းအဝယ် ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ အရောင်းအဝယ်ဖြစ်မှု စာရင်းများအရ မေ ၂၈ ရက်တွင် သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း၌ ခြောက်ခုမြောက် စာရင်းဝင် ကုမ္ပဏီအဖြစ် Ever Flow River Group Public (EFR) ကုမ္ပဏီ ပါဝင်လာမည်ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက ဖေဖော်ဝါရီ ၂၈ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်းသည် EFR က တင်ပြလာသည့် လျှောက်လွှာများကို စိစစ်ခြင်းနှင့် စာရင်းဝင် စစ်ဆေးခြင်းလုပ်ငန်း လုပ်ဆောင်ပြီးနောက် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ၊ အခန်း ၄၁ (ဂ) နှင့် ငွေချေးသက်သေခံ လက်မှတ်များ စာရင်းဝင်ခြင်းဆိုင်ရာ လုပ်ငန်းစည်း မျဉ်းများ၊ အပိုင်း (၇) နှင့် (၈) တို့နှင့်အညီ ကုမ္ပဏီအား ၂၀၂၀ ပြည့်နှစ် မတ် ၂၀ တွင် စာရင်းဝင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး EFR ကုမ္ပဏီ၏ အခြေခံစျေးနှုန်း (Base Price) ကို စာရင်းဝင်သည့်နေ့ (Listing Date) မတိုင်မီ ရုံးဖွင့်ရက် တစ်ရက်ဖြစ်သည့် မတ် ၁၉ ရက်တွင် ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း COVID-19  ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ရှယ်ယာ စတင်ရောင်းချမည့် နေ့ရက်ကို မေ ၂၈ သို့ ရွှေ့ပြောင်းခဲ့ရခြင်း ဖြစ်သည်။

Ever Flow River Group Public (EFR) ၏ အခြေခံစျေးနှုန်း (Base Price) ကို ရှယ်ယာတစ်စု ကျပ် ၂၃၀၀ အဖြစ် သတ်မှတ်ခဲ့ကြောင်း မေ ၁၅ ရက်တွင် ကြေညာခဲ့ပြီး အမြင့်ဆုံး စျေးနှုန်းအဖြစ် ကျပ် ၂၈၀၀ သတ်မှတ်ခဲ့ကာ အနိမ့်ဆုံး စျေးနှုန်းကိုမူ ကျပ် ၁၈၀၀ အဖြစ် ကျပ် ၁၀၀၀ ခွာ၍ သတ်မှတ်ခဲ့သည်။ ထို့ပြင် တစ်ချက်ခုန်စျေးနှုန်း (Tick Size) မှာ ကျပ် ၅၀ ဖြစ်သည်။ ထိုသို့ သတ်မှတ်ရာမှ မေ ၂၈ ရက်၌ စတင်ရောင်းချရာတွင် ကျပ် ၂၇၀၀ နှင့် ကျပ် ၂၇၅၀ အကြား စျေးနှုန်းဖြင့် အစုပေါင်း သုံးသောင်းကျော် ရောင်းချခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံခြားသားများ ဝယ်ယူခွင့်ပြုထားသည့် ရန်ကုန်စတော့ အိတ်ချိန်း၌လည်း EFR ကုမ္ပဏီ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူနိုင်ရန် ရှယ်ယာ၏ ၁ ဒသမ ၅၀ ရာခိုင်နှုန်းဖြစ်သော အစုရှယ်ယာ သုံးသိန်း သတ်မှတ်ခဲ့ပြီး စျေးကွက်၏ ဝယ်လိုအား၊ ရောင်းလိုအားအပေါ် မူတည်ကာ အတိုး၊ အလျှော့ ပြုလုပ်သွားမည် ဖြစ်သည်။

“ရန်ကုန်စတော့အိတ်ချိန်းကို ပြန်ကြည့်မယ်ဆိုရင် လုပ်ငန်းပေါင်းစုံ ပါဝင်တာ တွေ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တဲ့ ကုမ္ပဏီတစ်ခု၊ အထူးစီးပွားရေးဇုန်ဆိုင်ရာ အကောင်အထည်ဖော်ရေး ကုမ္ပဏီတစ်ခု၊ ဘဏ်လုပ်ငန်း နယ်ပယ်မှ ကုမ္ပဏီနှစ်ခု၊ ဆက်သွယ်ရေးလုပ်ငန်း နယ်ပယ်မှ ကုမ္ပဏီတစ်ခုတို့ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အခုခြောက်ခုမြောက် စာရင်းဝင်မယ့် ကုမ္ပဏီကတော့ ထောက်ပ့ံပို့ဆောင်ရေး လုပ်ငန်းနယ်ပယ်က ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါကြောင့် စျေးကွက်အတွင်းမှာ လုပ်ငန်းနယ်ပယ်ပေါင်းစုံက လုပ်ဆောင်မှုပုံသဏ္ဌာန် မတူညီတဲ့ ကုမ္ပဏီ အမျိုးအစားများ တိုးပွားလာနေတယ် ဆိုတာကို သတိပြုမိမှာ ဖြစ်ပါတယ်။ COVID-19 ကာလမှာ ဘက်စုံထောက်ပ့ံ ပို့ဆောင်ရေး လုပ်ငန်းနယ်ပယ် ကဏ္ဍရဲ့ အရေးပါမှုကို သတိပြုမိကြပါမယ်။ ဒီလိုမျိုး ဘက်စုံထောက်ပ့ံ ပို့ဆောင်ရေးလုပ်ငန်း နယ်ပယ်ထဲက ပထမဆုံးစာရင်းဝင် ကုမ္ပဏီအဖြစ် EFR ကုမ္ပဏီ ဝင်ရောက် လာနိုင်တဲ့ အတွက်လည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်” ဟု ရန်ကုန်စတော့အိတ်ချိန်း၏ မန်နေးဂျင်းဒါရိုက်တာ ဦးယဉ်ဇော်မျိုးက ပြောကြားသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ ထုတ်ပြန်ချက်အရ EFR ကုမ္ပဏီသည် အစုရှယ်ယာပေါင်း ၁၉၉၇၇၂၂၃ စုရှိပြီး မတည်ရင်းနှီးငွေ ကျပ် ၁၃၆၃၈၅၉၉၀၀၀ ရှိသည်။ EFR ၏ ဥက္ကဋ္ဌမှာ ဦးကျော်လွင်ဦးဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ ဦးမောင်မောင်ဦးဖြစ်ကာ CEO အဖြစ် ဦးအောင်မင်းဟန်က တာဝန်ယူထားပြီး အဆိုပါကုမ္ပဏီကို ၁၉၉၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံသားပိုင် Logistics ကုမ္ပဏီ တစ်ခုအနေနဲ့ မြန်မာနိုင်ငံအတွင်းသာမက Regional Level၊ International Level အထိ သမိုင်းတင်ကျန်ရစ်စေဖို့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် နိုင်ငံတော် အတွက်သော်လည်းကောင်း၊ ကျွန်တော်တို့ရဲ့ ထောက်ပံ့ပို့ဆောင်မှု လုပ်ငန်းတွေကို အသုံးပြုလာမယ့် အသစ်အဟောင်း မိတ်ဆွေတို့အတွက် သော်လည်းကောင်း အကျိုးတစ်စုံတစ်ရာ ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကုမ္ပဏီ အစုရှယ်ယာဝင်များ အတွက်လည်း ကုမ္ပဏီရဲ့ အောင်မြင်တိုးတက်မှုကြောင့် အစုရှယ်ယာ တန်ဖိုးများ ပိုမိုတိုးတက်လာပြီး အကျိုးအမြတ်များ ပိုမိုခံစား ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အပြောထက် သက်သေပြသွားမှာပါ” ဟု EFR ကုမ္ပဏီ၏ဥက္ကဋ္ဌ ဦးကျော်လွင်ဦးက ပြောကြားသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ ခြောက်ခုမြောက်စာရင်းဝင်ကုမ္ပဏီ ဖြစ်လာခဲ့သည့် EFR ကုမ္ပဏီ၏ စုဆောင်း ရရှိလာသည့် အမြတ်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၆၆၃၄ သိန်းကျော်သာ ရှိသော်လည်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၂ ဒသမ ၂ ဘီလျံကျော်အထိ မြင့်တက်လာခဲ့ကြောင်း EFR ကုမ္ပဏီ၏ ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်းဝင်အဖြစ် တင်သွင်းခြင်းဆိုင်ရာ ဖွင့်ဟကြေညာစာတမ်းတွင် ဖော်ပြထားသည်။

EFR Group အများပိုင်ကုမ္ပဏီတွင် လက်အောက်ခံကုမ္ပဏီ ရှစ်ခုရှိပြီး တွဲဖက်ကုမ္ပဏီများအဖြစ် Hlaing Inland Terminal & Logistics Co.,Ltd၊ UTOC Multipack Myanmar Co,.Ltd နှင့် KAMI-GUMI-EFI Logistics တို့ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent