ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများအား မေလ (မေ ၁ ရက်မှ ၃၁ ရက်အထိ) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှုယူနစ် ၁၅၀ (၁ ယူနစ်မှ ၁၅၀ အထိ) အတွက် ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ထပ်မံ ပေးအပ်သွားမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မေ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ယင်းကင်းလွတ်ခွင့် (အခမဲ့) တွင် သံရုံး များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မပါဝင်ကြောင်း သိရသည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် (ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအား) ပထမအကြိမ် တိုးမြှင့်ခဲ့သည့် မေ ၁ ရက်မှ ၁၅ ရက်အထိ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၇၅ ယူနစ်အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ပေးသည့်အကြောင်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မေ ၆ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ သို့သော် ကော်မတီသည် ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် မေ ၁၆ ရက်မှ မေ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ခဲ့သဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယင်းရက်များအတွက် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၇၅ ယူနစ် ဓာတ်အားကျသင့်ခငွေ ကင်းလွတ်ခွင့် (အခမဲ့) ကို ထပ်မံ ပေးအပ်သွားမည် ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
ယင်းကြောင့် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၁ ယူနစ်မှ ယူနစ် ၁၅၀ အထိ သုံးစွဲသူများကို သုံးစွဲယူနစ်အလိုက် ဓာတ်အားကျသင့်ငွေနှင့် မီတာဝန်ဆောင်ခ အပါအဝင် ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည် ဖြစ်ကြောင်း သိရသည်။ ထို့အတူ ၁၅၁ ယူနစ်နှင့်အထက် သုံးစွဲသူများမှာ ယူနစ် ၁၅၀ အတွက် ဓာတ်အားကျသင့်ခငွေကျပ် ၁၁၅၅၀ ကင်းလွတ်ခွင့် (အခမဲ့) ရရှိမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အိမ်သုံးအမျိုးအစား၌ လျှပ်စစ်ဓာတ်အား သုံးစွဲသူများအနေဖြင့် ၁၅၁ ယူနစ်နှင့်အထက် သုံးစွဲမှုများအား အလွှာအလိုက် သတ်မှတ်ချက် နှုန်းထားအတိုင်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အထူးကိစ္စတစ်ရပ်အနေဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သော အိမ်သုံး မဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများမှာ ယခင် သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ မီတာဖတ် စာရေးများသည် လစဉ်ဖတ်ရှုရမည့် ရက်များအတိုင်း ဖတ်ရှုမှတ်သား၍ ဖြန့်ဝေရမည့် မီတာဘေများကိုလည်း ပုံမှန်ဖြန့်ဝေမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။















