၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် လုပ်ငန်းစီမံကိန်းများအနေဖြင့် ဆောင်ရွက်ဆဲ ၇၇ ခုနှင့် လုပ်သန်းသစ် ၁၃ ခုကို ဘဏ္ဍာငွေ ကျပ် ၄၃၀၃၆၇ သန်းဖြင့် အကောင်အထည်ဖော်လျက်ရှိ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် လုပ်ငန်းစီမံကိန်းများအနေဖြင့် ဆောင်ရွက်ဆဲ ၇၇ ခုနှင့် လုပ်သန်းသစ် ၁၃ ခုကို ဘဏ္ဍာငွေ ကျပ် ၄၃၀၃၆၇ သန်းဖြင့် အကောင်အထည်ဖော်လျက်ရှိ
ကျေးလက်တစ်ခုရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ကျေးလက်တစ်ခုရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 23 May 2020
နီလာ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံကိန်းများအနေဖြင့် ဆောင်ရွက်ဆဲ ၇၇ ခုနှင့် လုပ်ငန်းသစ် ၁၃ ခုကို ဘဏ္ဍာငွေ ကျပ် ၄၃၀၃၆၇ သန်းဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

ယင်းစီမံကိန်းများကို နိုင်ငံခြားအကူအညီ/အထောက်အပံ့ (Grant) ဖြင့် ဆောင်ရွက်ဆဲစီမံကိန်း ၆၈ ခု၊ ညှိနှိုင်းဆဲ စီမံကိန်း ၃၉ ခုနှင့် အဆိုပြုစီမံကိန်း ၃၃ ခုရှိပြီး ချေးငွေ (Loan) ဖြင့် ဆောင်ရွက်ဆဲစီမံကိန်း ရှစ်ခု၊ ညှိနှိုင်းဆဲစီမံကိန်း တစ်ခုနှင့် အဆိုပြုစီမံကိန်း တစ်ခုရှိကြောင်း သိရသည်။

လယ်ယာကဏ္ဍတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က တိုးတက်မှုနှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကဏ္ဍအလိုက် စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GDP) အရ လယ်ယာကဏ္ဍတွင် ၂ ဒသမ ၃ ရာခိုင်နှုန်းနှင့် သားငါးကဏ္ဍမှ ၂ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းတွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက်စျေးနှုန်းအရ ကျပ် ၁၀၆ ဒသမ ၀၉၆ ထရီလီယံ နှင့် ၇ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းခဲ့ရာ ပထမခြောက်လပတ်တွင် ကျပ် ၆၇ ဒသမ ၁၈၆ ထရီလီယံရရှိခဲ့သဖြင့် စီမံကိန်း ရည်မှန်းချက်အပေါ် ၆၃ ဒသမ ၃ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ပုံမှန်စျေးနှုန်းအရ ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး နှစ်ကုန်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်း ရရှိရန် ရည်မှန်းခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို နှစ်အလိုက် စျေးနှုန်းအရ ကျပ် ၁၁၉ ဒသမ ၀၂၃ ထရီလီယံရရှိရန် ခန့်မှန်းထားပြီး GDP တိုးတက်မှုနှုန်းကို ခုနစ် ရာခိုင်နှုန်း ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကဏ္ဍကြီးများအလိုက် စီးပွားရေးတိုးတက်မှုကို လယ်ယာကဏ္ဍကြီးတွင် ၂ ဒသမ ၅ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီးတွင် ၈ ဒသမ ၆ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားကြောင်း သိရသည်။

လယ်ယာကဏ္ဍကြီးတွင် ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့ တင်ပို့နိုင်ရန်၊ စျေးကွက်ဝင်အထွက်ကောင်း မျိုးစေ့အဆင့်ဆင့် ထုတ်လုပ်ရန်၊ ငါး၊ ပုစွန်တိုးချဲ့မွေးမြူနိုင်ရန်နှင့် နည်းပညာအဆင့်မြှင့်တင်ရန်တို့ကို မျှော်မှန်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း ၇၀ သည် ကျေးလက်ဒေသတွင် နေထိုင်လျက်ရှိပြီး အဓိကစီးပွားရေးလုပ်ငန်းမှာ လယ်ယာလုပ်ငန်းဖြစ်၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ် မျှော်မှန်းချက်ပြည့်မီ လွှမ်းခြုံနိုင်မည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမူဝါဒကို ပြင်ဆင်ရေးဆွဲခဲ့ကြောင်း သိရသည်။

မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (၂၀၁၈-၂၀၁၉ မှ ၂၀၂၂-၂၀၂၃ အထိ) ရေးဆွဲခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆိုသည်။

အဆိုပါမဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့(FAO) ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တို့၏ နည်းပညာအကူအညီဖြင့် ပြုစုရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ရေးဆွဲရာတွင် ဒုတိယကာလတို ငါးနှစ် လယ်ယာကဏ္ဍမူဝါဒနှင့် လုပ်ငန်းစဉ်များ (၂၀၁၆ ခုနှစ်)၊ အမျိုးသားစီးပွားရေးမူဝါဒ (၂၀၁၆ ခုနှစ်)၊ စီးပွားရေးပြုပြင်ပြောင်းလဲရေး မူဘောင်၊ အမျိုးသားအဆင့် ဘက်စုံဖွံ့ဖြိုးရေး အနာဂတ်လားရာမျှော်မှန်းချက်၊ အမျိုးသားအဆင့် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အမျိုးသားပို့ကုန်မြှင့်တင်ရေး မဟာဗျူဟာ စသည့် မူဘောင်များအတွင်းက ရေးဆွဲထားခြင်းဖြစ်သည့်အတွက် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆိုသည်။

Most Read

Most Recent