COVID-19 ရန်ပုံငွေမှ ချေးငွေများ ယခင်သုံးကြိမ်အထိ ထုတ်ချေးမှုတွင် ရန်ကုန်မြို့အခြေစိုက် စီးပွားရေးလုပ်ငန်းအများစုဖြစ်သော်လည်း စတုတ္ထအကြိမ်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အခြေစိုက် စီးပွားရေးလုပ်ငန်းများကို ဦးစားပေးထုတ်ချေးမည်

COVID-19 ရန်ပုံငွေမှ ချေးငွေများ ယခင်သုံးကြိမ်အထိ ထုတ်ချေးမှုတွင် ရန်ကုန်မြို့အခြေစိုက် စီးပွားရေးလုပ်ငန်းအများစုဖြစ်သော်လည်း စတုတ္ထအကြိမ်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အခြေစိုက် စီးပွားရေးလုပ်ငန်းများကို ဦးစားပေးထုတ်ချေးမည်
 COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ- MIFER)
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ- MIFER)
Published 21 May 2020
နီလာ

COVID-19 ရန်ပုံငွေမှ ချေးငွေများ ယခင်သုံးကြိမ်အထိ ထုတ်ချေးခဲ့မှုတွင် ရန်ကုန်မြို့အခြေစိုက် စီးပွားရေးလုပ်ငန်းများ အများစုဖြစ်သော်လည်း စတုတ္ထအကြိမ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အခြေစိုက် စီးပွားရေးလုပ်ငန်းများကို ဦးစားပေးထုတ်ချေးမည်ဖြစ်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ သိရသည်။

COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေး (၅/ ၂၀၂၀) ကို မေ ၂၀ ရက်က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန MIFER မှ သိရသည်။

လုပ်ငန်းကော်မတီအနေဖြင့် စတင်ဖွဲ့စည်းချိန်မှစ၍ အစည်းအဝေးလေးကြိမ် ကျင်းပခဲ့ကြောင်း၊ ဆုံးဖြတ်ချက် ၄၃ ခု ချမှတ်နိုင်ခဲ့ပြီး လုပ်ငန်းဆောင်တာများကို မြန်ဆန်သွက်လက်စွာ ဆောင်ရွက်ပေးခဲ့ကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် COVID-19 ကြောင့် ထိခိုက်နိုင်သည့်စီးပွားရေးလုပ်ငန်းများအတွက် COVID-19 ရန်ပုံငွေမှ ချေးငွေများ စိစစ်ထုတ်ပေးခဲ့ရာ သုံးကြိမ်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခင်သုံးကြိမ်တွင် ရန်ကုန်မြို့အခြေစိုက်ဖြစ်သည့် စီးပွားရေးလုပ်ငန်းများမှာ အများစုဖြစ်သော်လည်း စတုတ္ထအကြိမ်တွင်  တိုင်းဒေသကြီးနှင့် ပြည်နယ်အခြေစိုက်ဖြစ်သော စီးပွားရေးလုပ်ငန်းများ ဦးစားပေးဆောင်ရွက်ထားကြောင်း လုပ်ငန်းကော်မ တီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

COVID-19 Fund ကျပ်ဘီလျံ ၁၀၀ မှ COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများကို ပထမအသုတ်၊ ဒုတိယအသုတ်နှင့် တတိယအသုတ်ဟူ၍ သုံးသုတ်ခွဲ၍ချေးငွေကျပ် ၁၃ ဒသမ ၇၃၉ ဘီလျံအထိ ထုတ်ချေးထားပြီးဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၊ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေခွဲ ဝေသုံးစွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ငွေကြေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာအမှတ်စဉ် (၃/ ၂၀၂၀) တွင် ဖော်ပြထားသည်။

ချေးငွေထုတ်ပေးခြင်းကို Task Force အနေဖြင့် ဖွဲ့စည်းစိစစ်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် မေ ၇ ရက်အထိ ချေးငွေလျှောက်လွှာ ၄၀၀၀ စောင်အနက် ပထမသုတ်၊ ဒုတိယသုတ်နှင့် တတိယသုတ်အထိ သုံးသုတ်ခွဲ၍ ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပြီး ကျန်ရှိသည့် လျှောက်လွှာများကို ဆက်လက်စိစစ်လျက်ရှိကြောင်း သိရသည်။

ပထမအသုတ်တွင် လျှောက်လွှာ ၈၅ စောင်အတွက် ချေးငွေကျပ် ၅ ဒသမ ၆၉၇ ဘီလျံ၊ ဒုတိယအသုတ်တွင် လျှောက်လွှာ ၁၁၃ စောင်တွင် ချေးငွေ ကျပ် ၄ ဒသမ ၄၉၅ ဘီလျံနှင့် တတိယအသုတ်တွင် လျှောက်လွှာ  ၁၁၃ စောင်တွင် ချေးငွေကျပ် ၃ ဒသမ ၅၄၇ ဘီလျံဖြင့် စုစုပေါင်း ၁၃ ဒသမ ၇၃၉ ဘီလျံအထိ ထုတ်ချေးထားပြီဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ သိရသည်။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ SME ကို အတိုးနှုန်းတစ်ရာခိုင်နှုန်းဖြင့် ကနဦးမတည်ရန်ပုံငွေ ကျပ်ဘီလျံ ၁၀၀ မှ ချေးငွေထုတ်ချေးမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

COVID-19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေး ကုစားရမည့် ကဏ္ဍအဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။ 

 

Most Read

Most Recent