ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာ Quarantine စင်တာတွင် အရက်မူးရမ်းကားသည့် လူ ကိုးဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထား

ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာ Quarantine စင်တာတွင် အရက်မူးရမ်းကားသည့် လူ ကိုးဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထား
နမ်တောကျေးရွာ Quarantine စင်တာအားတွေ့ရစဉ်
နမ်တောကျေးရွာ Quarantine စင်တာအားတွေ့ရစဉ်
Published 16 May 2020

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာ Quarantine စင်တာတွင် အရက်မူး ရမ်းကားသည့် လူ ကိုးဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါလူ ကိုးဦးသည် နမ့်တော့ကျေးရွာ Quarantine စင်တာတွင် Quarantine ၂၁ ရက် ဝင်ရောက်နေသူများဖြစ်ပြီး မေ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် Quarantine စင်တာ ကျောင်းဝင်းအတွင်း တစ်ဦးတစ်ဦးနှင့် နီးကပ်စွာဝိုင်းဖွဲ့၍ အရက်သေစာ သောက်စားမူးယစ် ရမ်းကားကြပြီး မိုင်းကိုင်းကျေးရွာအုပ်စု ကျေးရွာသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ညစ်ညမ်းစွာ ဆဲဆိုခဲ့ပြီးနောက် အားလုံးကို သတ်ပစ်မည်ဟု ကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သဖြင့် Quarantine ၂၁ ရက် စောင့်ကြည့်ခြင်းခံရစဉ် ဘေးအန္တရာယ် တစ်စုံတစ်ရာကျရောက်နိုင်သည်ကို သိလျက်နှင့် တမင်ပြုလုပ်ခဲ့သည့် အဆိုပါလူ ကိုးဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် မေ ၁၄ ရက်က ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းရဲစခန်းတွင် အမှုဖွင့်အရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။

Quarantine စင်တာတွင် Quarantine ဝင်ရောက်နေစဉ် အရက်သေစာ သောက်စား၍ မူးယစ်ရမ်းကားသည့် အဆိုပါလူ ကိုးဦးအား ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေဖြင့် အရေးယူပေးပါရန် ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးမှ မေ ၁၄ ရက်က ဟုမ္မလင်းမြို့နယ်တရားရုံးတွင် ဦးတိုက် လျှောက်ထားခဲ့သော်လည်း ဟုမ္မလင်းမြို့နယ် တရားသူကြီးမှ လက်မခံခဲ့ကြောင်း သိရပြီး မေ ၁၄ ရက်တွင် ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်စိုး ( မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး) မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ထပ်မံအမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent