လာလီဂါကလပ်အသင်းများသည် တစ်ရာသီစာလက်မှတ်ကိုင်ဆောင်အားပေးသည့် အမာခံပရိသတ်များ နစ်နာမှုမရှိစေရန်အတွက် ငွေပြန်အမ်းရန် (သို့မဟုတ်) လာမည့် ရာသီ၌ လက်မှတ်ဖိုး လျှော့ချပေးရန် စီစဉ်နေကြောင်း သိရသည်။
၂၀၁၉-၂၀ ရာသီ လာလီဂါပြိုင်ပွဲကို ပွဲစဉ်(၂၇)အပြီးတွင် ရပ်နားထားရပြီး ပြိုင်ပွဲပြန်လည်စတင်နိုင်လျှင်လည်း ပရိသတ်မပါဘဲ ကွင်းပိတ်ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။
ထို့ကြောင့် ကလပ်အသင်းများအနေဖြင့် အိမ်ကွင်းပွဲစဉ်အနည်းဆုံး(၅)ပွဲ ယှဉ်ပြိုင်ကစားရန်ကျန်ရှိနေပြီး ယင်းအတွက် အစီအစဉ်အသီးသီး ပြုလုပ်နေကြခြင်းဖြစ်သည်။
ယင်းအစီအစဉ်များအား တရားဝင်ထုတ်ပြန်အသိပေးထားသည့်အသင်းများ ရှိနေသလို၊ အချို့အသင်းများမှာ မည်သည့်နည်းလမ်းအသုံးပြုရမည်ကို ဆွေးနွေးနေဆဲဖြစ်ကြောင်း သိရသည်။
ဆိုစီဒက်အသင်းက တစ်ရာသီစာလက်မှတ်ကိုင်ဆောင်သူအားလုံး လာမည့်ရာသီတွင် လက်မှတ်တန်ဖိုး (၂၀%)လျှော့ချပေးသွားမည်ဟု အတည်ပြုထားပြီး ဂီတာဖေးအသင်းက တစ်ရာသီစာ လက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် ယခုရာသီ လက်ကျန်အိမ်ကွင်းပွဲအားလုံးကို လာမည့်ရာသီ၌ အခမဲ့ကြည့်ရှုခွင့်ပေးမည်ဟု ကြေညာထားသည်။
တန်းဆင်းဇုန်တိုက်ပွဲတွင် ရုန်းကန်နေရသည့် အသင်းအများစုက လက်မှတ်ဖိုးငွေ ပြန်အမ်းပေးရန် စီစဉ်နေသည်။
အက်သလက်တီကိုကလည်း လာမည့်ရာသီတွင် (၂၀%)လျှော့ပေးရန် စီစဉ်ထားပြီး ဘာစီလိုနာနှင့် ရီးယဲလ်တို့မှာမူ မထုတ်ပြန်သေးပေ။










