လာလီဂါအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ဟာဗီယေးတီဘက်စ်က လာလီဂါ ပြိုင်ပွဲကို လာမည့် ဇွန်လ (၁၂)ရက်နေ့တွင် ပြန်လည်စတင်ရန် ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့သည်။
ယင်းနေ့သည် ပရီးမီးယားလိဂ် ပြန်လည်စတင်ရန် ရည်ရွယ်ထားသည့်နေ့ဖြစ်ပြီး လာလီဂါနှင့် ပရီးမီးယားလိဂ်နှစ်ခုစလုံးသည် ပြိုင်တူပြန်လည်စတင်မည့် အခြေအနေမျိုး ဖြစ်နေသည်။
လာလီဂါနှင့် ဆီဂန်ဒါရှိ ကလပ်အသင်းအားလုံးမှ ကစားသမားများသည် ပြီးခဲ့သည့် အပတ်အတွင်းက ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြပြီး ကလပ်အသင်းများသည် တစ်ဦးချင်းလေ့ကျင့်ခန်းအစီအစဉ်များကို ပြန်လည်စတင်နေပြီ ဖြစ်သည်။
ယင်းမှာ လာလီဂါပြန်လည်စတင်ရေးအတွက် စတုတ္ထမြောက်လုပ်ငန်းစဉ်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့ပြီး လိဂ်ပြိုင်ပွဲပြန်လည်စတင်ရန် နီးစပ်နေပြီဟု ဖော်ပြခဲ့သည်။
ယခုအခါ တီဘက်စ်ကလည်း ''ကွင်းထဲမှာ ပရိသတ်တွေမရှိဖို့ကတော့ သေချာပါတယ်။ ဒါကြောင့် ရုပ်သံကုမ္ပဏီတွေနဲ့ ဆွေးနွေးပြီး စိတ်ကူးကောင်းတချို့နဲ့ အတူ ထုတ်လွှင့်မှုတွေပြုလုပ်သွားမှာပါ။ ကျွန်တော်တို့ စစ်ဆေးခဲ့တဲ့ အရေအတွက် (၂၅၀၀)ထဲမှာ ကစားသမား (၅)ဦးအပါအဝင် (၈)ဦးပဲ ရောဂါပိုး တွေ့ရှိရတာဟာ အရမ်းကောင်းတဲ့သတင်းဖြစ်ပြီး ပြန်လည်စတင်ဖို့ အချိန်ကောင်းပါပဲ။ ဒါကြောင့် ဇွန် (၁၂) ရက်နေ့မှာ ပြန်လည်စတင်ဖို့ ရည်ရွယ် ထားပါတယ်''ဟု ပြောကြားခဲ့သည်။










