ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် အများပြည်သူများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်ရေးအစီအစဉ်များနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာ အားကစားပွဲများ ပြန်လည်စတင်ရေးကိစ္စကို အရေးတယူပြု ပြောကြားခဲ့ခြင်းမရှိသော်လည်း Telegraph သတင်းစာကမူ ပရီးမီးယားလိဂ်ပြန်လည်စတင်ရန် ကိစ္စကို လာမည့် အင်္ဂါနေ့တွင် အစိုးရမှ ခွင့်ပြုဖွယ်ရှိသည်ဟု ဖော်ပြခဲ့သည်။
ဘောရစ်ဂျွန်ဆင်က ကိုရိုနာဗိုင်းရပ်စ်ဒုတိယလှိုင်း ရိုက်ခတ်မှုမဖြစ်ပေါ်စေရေးကို ဦးစားပေးအနေဖြင့် ပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ ဘေးကင်းလုံခြုံရေးကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
အားကစားလှုပ်ရှားမှုများကို လုပ်ကိုင်ခွင့်ပြုသော်လည်း မိသားစုဝင်များနှင့်အတူနေအိမ်တွင်သာ ပြုလုပ်ရမည်ဟုဆိုသည်။
အားကစားဝန်ကြီး ဒေါ်ဒန်ကလည်း အားကစားလှုပ်ရှားမှုအနေဖြင့် ဂေ့ါဖ်၊ တင်းနစ်ကဲ့သို့ ကစားနည်းများကို မိသားစုဝင်အချင်းချင်း ကစားကြရမည်ဟု ဆိုခဲ့သည်။
သို့သော် Telegraph ကမူ ပရီးမီးယားလိဂ်ပြန်လည်စတင်ရေး အချိန်ဇယားကို အစိုးရက ခွင့်ပြုမည်ဟု ဖော်ပြခဲ့သည်။
ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ယနေ့ ဗီဒီယိုကွန်ဖရင့်ပြုလုပ်ကာ ရာသီသစ်စတင်ရေးအတွက် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။










