တူးလူးအသင်း၏နည်းပြဟောင်း ကွန်ဘူရေးက လာမည့်ရာသီ ပြင်သစ်လီဂူးတွင် အသင်း(၂၂)သင်း ယှဉ်ပြိုင်ခွင့်မပြုပါက ကစားသမားများအနေဖြင့် ပြိုင်ပွဲကို သပိတ်မှောက်သင့်သည်ဟု တိုက်တွန်းပြောကြားခဲ့သည်။
ကွန်ဘူရေးသည် PSG အသင်း၏ နည်းပြဟောင်းတစ်ဦးလည်းဖြစ်ပြီး တူးလူးအသင်းကို ၂၀၁၉-၂၀ ရာသီတွင် (၃)လနီးပါး ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။
ကွန်ဘူရေးသည် တူးလူးအသင်းနည်းပြအဖြစ် ဆောင်ရွက်စဉ် ပြိုင်ပွဲစုံ(၁၀)ပွဲဆက် ရှုံးနိမ့်ခဲ့သည့်အတွက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသော်လည်း ယခုအခါ တူးလူးအသင်း တန်းဆင်းခဲ့ရခြင်းကို မကျေမနပ်ဖြစ်နေပြီး တန်းဆင်းအသင်း မထားရှိသင့်ဟု ဆိုခဲ့ခြင်းဖြစ်သည်။
၂၀၁၉-၂၀ ပြင်သစ်လီဂူးပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆက်မကစားတော့ဘဲ ဖျက်သိမ်းလိုက်ပြီး အမှတ်ပေးဇယားအောက်ဆုံးမှ အာမီယန်စ်နှင့် တူးလူးတို့ကို တန်းဆင်းစေရန် ဆုံးဖြတ်ခဲ့သည်။
ယင်းကဲ့သို့ ပြိုင်ပွဲဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းမှာ စောလွန်းနေကြောင်း ဝေဖန်မှုများရှိခဲ့သလို၊ ပြန်လည်စတင်သင့်ကြောင်း တောင်းဆိုမှုများလည်း ရှိနေသည်။
ယင်းအခြေအနေတွင် ကွန်ဘူရေးက တန်းဆင်းအသင်း မထားရှိဘဲ လာမည့်ရာသီ၌ အသင်း(၂၂)သင်း ယှဉ်ပြိုင်ခွင့်ပေးသင့်ကြောင်း၊ အသင်း(၂၂)သင်း ယှဉ်ပြိုင်ခွင့်မပြုပါက ပြင်သစ်လီဂူးမှ ကစားသမားများအနေဖြင့် သပိတ်မှောက်သင့်ကြောင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
ကွန်ဘူရေး၏ သားဖြစ်သူမှာ အာမီယန်စ်အသင်းတွင် ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်နေသူဖြစ်ကြောင်းလည်း သိရှိရသည်။










