မေ (၁၅) ရက်ကစားမည့်ပွဲတွင် ဘုန်းမြင့်ကျော် မြန်မာအလံပါအင်္ကျီဝတ်ဆင်ကစားနိုင်ရန် ပြိုင်ပွဲကျင်းပရေးက စီစဉ်နေ

မေ (၁၅) ရက်ကစားမည့်ပွဲတွင် ဘုန်းမြင့်ကျော် မြန်မာအလံပါအင်္ကျီဝတ်ဆင်ကစားနိုင်ရန် ပြိုင်ပွဲကျင်းပရေးက စီစဉ်နေ
Photo : yangshaojie
Photo : yangshaojie
Published 9 May 2020

Chinese 8 Ball ပြိုင်ပွဲ ကျင်းပနေသည့် ပြိုင်ပွဲကျင်းပရေးအဖွဲ့သည် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) မောင်မောင် (ခ) အားတီကို ပြိုင်ပွဲဝင်အင်္ကျီတွင် မြန်မာနိုင်ငံအလံ တပ်ဆင်ခွင့်ပြုမည်ဖြစ်ပြီး မေ (၁၅) ရက်ပွဲတွင် စတင်ဝတ်ဆင်ကစားနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

    

''တတိယပွဲအပြီးမှာ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေက ကျွန်တော့်ကို ခေါ်ပြောပါတယ်။ ကျွန်တော့်ရဲ့ပြိုင်ပွဲဝင်အင်္ကျီမှာ မြန်မာနိုင်ငံအလံ တပ်ဆင်ခွင့်ပြုဖို့ဖြစ်ပါတယ်။ မြန်မာပရိသတ်တွေက အရမ်းအားပေးတဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ တပ်ဆင်ခွင့်ပြုတာ ပါ။ ပုံမှန်ဆိုရင် အင်္ကျီမှာ စပွန်ဆာကုမ္ပဏီနဲ့ ကိုယ်ပိုင်စပွန်ဆာတွေပဲ တပ်ဆင်ခွင့်ပြုတာ ပါ။ ပြိုင်ပွဲကျင်းပရေးကတော့ မေ ၁၅ ရက်မှာ ယှဉ်ပြိုင်ရမယ့်ပွဲအမီ တပ်ဆင်ပေးနေတယ်လို့ ပြောပါတယ်။ ဖြစ်နိုင်တာကတော့ ကျောဘက် မှာ တပ်ဆင်ပေးဖို့ များပါတယ်'' ဟု ဘုန်းမြင့်ကျော်က Eleven Sports ၏ ဆက်သွယ် မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဘုန်းမြင့်ကျော်သည် ယင်းပြိုင်ပွဲတွင် နိုင်ပွဲဆက်နေသည့်အပြင် ပရိသတ်အားပေးမှုလည်း များသောကြောင့် ပြိုင်ပွဲဝင်အင်္ကျီ တွင် မြန်မာနိုင်ငံအလံ တပ်ဆင်ခွင့်ပြုရန် တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ကစားသမားများအနေဖြင့် ပြိုင်ပွဲကျင်းပရေးက စီစဉ်ပေးသည့် အင်္ကျီဖြင့်သာ ယှဉ်ပြိုင်ကစားရပြီး အနီရောင်နှင့်တစ်ဦး၊ နက်ပြာရောင်နှင့်တစ်ဦး ကစားရခြင်းဖြစ်သည်။ 

ဘုန်းမြင့်ကျော် (ခ) မောင်မောင်သည် ၂၀၂၀ Chinese 8 Ball ပြိုင်ပွဲတွင် လက်စွမ်းပြ ကစားနေပြီး (၄)ပွဲကစားအပြီးတွင် (၄)ပွဲစလုံး အနိုင်ရကာ ရမှတ် (၂၄၅၀၀) ဖြင့် ထိပ်ဆုံး နေရာ၌ ရပ်တည်နေသည်။ ယင်းပြိုင်ပွဲတွင် ဘုန်းမြင့်ကျော်နှင့်အတူ တရုတ်ကစားသမား (၇)ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။

Most Read

Most Recent