ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့် ပွဲစဉ်များထဲမှ လက်ကျန်ပွဲစဉ်များကို သြဂုတ်လ(၈)ရက်နေ့တွင် ပြန်လည်ကစားရန် UEFA ဆုံးဖြတ်

ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့် ပွဲစဉ်များထဲမှ လက်ကျန်ပွဲစဉ်များကို သြဂုတ်လ(၈)ရက်နေ့တွင် ပြန်လည်ကစားရန် UEFA ဆုံးဖြတ်
Photo : UEFA
Photo : UEFA
Published 8 May 2020

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) သည် ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်များထဲမှ လက်ကျန်ပွဲစဉ်များကို သြဂုတ်လ (၈)ရက်နေ့တွင် ပြန်လည်ကစားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

UEFA ၏ တာဝန်ရှိသူများနှင့် ဥရောပကလပ်အသင်းတာဝန်ခံများသည် Video Conference ဖြင့် ပြိုင်ပွဲပြန်လည်စတင်မည့်ကိစ္စကို ဆွေးနွေးခဲ့ကြပြီးနောက် ပထမဆုံးအနေဖြင့် ရှုံးထွက်(၁၆)သင်းအဆင့် ပွဲစဉ်များ၏ လက်ကျန်ပွဲစဉ်များ ကစားမည့်နေ့ကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းအဆင့်၏ ပွဲစဉ်အတော်များများကို ဘောလုံးပွဲများ မရပ်နားမီကတည်းက ကစားခဲ့ပြီးဖြစ်သော်လည်း ဘိုင်ယန်မြူးနစ်- ချယ်လ်ဆီး၊ မန်စီးတီး-ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်-လိုင်ယွန်၊ ဘာစီလိုနာ-နာပိုလီ ပွဲစဉ် (၄)ပွဲမှာ ကျန်ရှိနေသေးပြီး ယင်း (၄)ပွဲကစားမည့်နေ့ကို ပထမဦးစွာ ထုတ်ပြန်ကြေညာခဲ့ခြင်းလည်းဖြစ်သည်။

ယင်းပွဲစဉ်အားလုံးပြီးဆုံးရန် ရှေ့ပြေးပုံစံမူကြမ်းအနေဖြင့် ယင်းပွဲစဉ် (၄)ပွဲအား သြဂုတ်လ(၈)ရက်နေ့တွင် စတင်မည်ဟု ကြေညာခဲ့ပြီး၊ ကွာတားဖိုင်နယ်ပွဲစဉ်များကို နောက်တစ် ပတ်အကြာတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။

နောက်အဆင့်များအတွက်မူ ဆက်လက်ဆွေးနွေးရဦးမည်ဖြစ်ကြောင်း UEFA က ကြေညာခဲ့သည်။

သို့ရာတွင် ယင်းလက်ကျန်ပွဲစဉ်(၄)ပွဲကို စည်းမျဉ်းစည်းကမ်းများအတိုင်း အောင်မြင်စွာကျင်းပနိုင်ပါက ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ရာသီကို အောင်မြင်စွာအဆုံးသတ်နိုင်ရန် ပိုမိုဖြစ်နိုင်ခြေရှိလာမည်ဖြစ်သလို၊ ဥရောပလိဂ်ပြိုင်ပွဲများ ရပ်နားမှု (သို့မဟုတ်) ပြန်လည်စတင်ပြီး အဆုံးသတ်ရန်နေ့ကို သတ်မှတ်ရာရောက်ခဲ့သည်။

Most Read

Most Recent