မန်ယူအသင်းမှ ကစားသမားများသည် လေ့ကျင့်ရေးများ ပြန်စချိန်တွင် မိမိ၏ဂျာစီအား အိမ်တွင် မိမိအစီအစဉ်ဖြင့် လျှော်ဖွပ်ရဖွယ်ရှိကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် မေ(၁၈) တွင် လေ့ကျင့်ရေးပြန်စဖွယ်ရှိနေပြီး တင်းကျပ်သည့်စည်းကမ်းများဖြင့် ကစားသမားများကို ထိန်းချုပ်သွားမည် ဖြစ်သည်။
ကစားသမားများအနေဖြင့် လေ့ကျင့်ရေးကွင်းသို့ တစ်ဦးတည်းကားမောင်းလာရခြင်း၊ အုပ်စုငယ်များဖြင့် လေ့ကျင့်ရခြင်း၊ အလှည့်ကျ လေ့ကျင့်ရခြင်း၊ အိမ်တွင်သာ ရေချိုးရခြင်း စသည့်စည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး ဝန်ထမ်းအင်အားကိုလည်း အသင်းက လျှော့ချသွားမည် ဖြစ်သည်။
လျှော့ချမည့်ဝန်ထမ်းများတွင် Laundry ဝန်ထမ်းများလည်း ပါဝင်နေသဖြင့် ကစားသမားများသည် လေ့ကျင့်ခန်းဆင်းပြီးပါက အဝတ်အစားများကို အိမ်သို့ ယူသွားကာ လျှော်ဖွပ်ရဖွယ်ရှိကြောင်း သိရသည်။
အသင်း ကွင်းလယ်လူ တွမ်မီနေးက ''မန်ယူကစားသမားတွေရဲ့ အဆင့်အတန်း မြင့်မြင့်နေထိုင်ရမှုကို ခင်ဗျားတို့ သိကြမှာပါ။ ကန်တင်းမှာ ထမင်းစားတာ၊ မနက်တိုင်းမှာ ဝတ်စုံတွေက အသင့်ဖြစ်နေတာမျိုးတွေပါ။ ဒါတွေကို လုပ်ပေးတဲ့သူတွေအတွက် အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်''ဟု ဝန်ထမ်းများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ပရီးမီးယားလိဂ်သည် ပြိုင်ပွဲပြန်စရန် စိုင်းပြင်းနေပြီး မန်ယူအသင်းက နိုင်ငံခြားတွင် ရောက်ရှိနေသော ကစားသမားများအား မေ(၄)ရက်အမီ မန်ချက်စတာသို့ ပြန်ရောက်ရန် ညွှန်ကြားထားကြောင်း သိရသည်။










