စပါးအသင်းမှ ထုတ်ပယ်ခံခဲ့ရသော နည်းပြဟောင်း ပိုချက်တီနိုက မိမိ မသေဆုံးမီ စပါးအသင်းနှင့် ပြန်လက်တွဲပြီး ချန်ပီယံဆု ရယူသွားလိုသည်ဟု ပြောကြားခဲ့သည်။
ပိုချက်တီနိုသည် လက်ရှိအချိန်တွင် အသင်းလက်မဲ့ဖြစ်နေသော်လည်း နယူးကာဆယ်အသင်း ပိုင်ရှင်သစ်များလက်အောက် ရောက်ရှိခဲ့ပါက ၎င်းကို ခေါ်ယူခန့်အပ်ရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်နေသည်။
ယင်းအခြေအနေတွင် ပိုချက်တီနိုက အသင်းဟောင်း စပါးသို့ ပြန်လာရန် မျှော်လင့်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပိုချက်တီနိုက ''ကျွန်တော် အဆုံးသတ်အောင် မလုပ်ဆောင်နိုင်ခဲ့တဲ့အလုပ်ကို တစ်နေ့နေ့မှာ ပြန်လုပ်ပေးဖို့ စပါးအသင်းနဲ့ လမ်းခွဲခဲ့တဲ့နေ့ကတည်းက ကျွန်တော် စိတ်ကူးခဲ့ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို ရရှိဖို့ အတော်လေးနီးစပ်ခဲ့ပါတယ်။ နောက်ထပ် စီမံကိန်းအသစ်တွေနဲ့လည်း ကောင်းကောင်းရှေ့ဆက်နိုင်ခဲ့ပါတယ်။ ကျွန်တော် ဒီအသင်းကို တကယ်ပြန်သွားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထူးခြားတဲ့အသင်းဖြစ်သလို၊ ပရိသတ်တွေကလည်း အလွန်ထူးခြားသူတွေ ဖြစ်နေတာကြောင့်ပါ။ (၅)နှစ် ဒါမှမဟုတ် (၁၀)နှစ်အတွင်းမှာ ပြန်လက်တွဲဖြစ်နိုင်ပါတယ်။ ကျွန်တော် မသေခင်မှာ စပါးအသင်းနဲ့အတူ ချန်ပီယံဆုရယူနိုင်အောင် ကြိုးစားချင်ပါသေးတယ်'' ဟုပြောကြားခဲ့သည်။










