ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သင်တန်းတက်ရောက်လျက်ရှိသော မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိများအနက် မော်စကိုမြို့ရှိ Russian University of Transport (MIIT/RUT) တက္ကသိုလ်မှ သင်တန်းသား နှစ်ဦးနှင့် Moscow Power Engineering Institute (MPEI) တက္ကသိုလ်မှ သင်တန်းသား တစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း စစ်သံရုံး၏ တင်ပြချက်အရ သိရှိရသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ရုရှားနိုင်ငံ၌ COVID-19 ရောဂါ ပြန့်ပွားမှုကြောင့် MIIT တက္ကသိုလ်တွင် တက်ရောက်နေသည့် မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိများ အပါအဝင် ကျောင်းသားအားလုံးသည် ၂၀၂၀ ပြည့်နှစ် မတ် ၁၉ ရက်မှ စတင်၍ သက်ဆိ်ုင်ရာအဆောင်များမှ အဝေးရောက်သင်ကြားမှုစနစ်ဖြင့် သင်ယူခဲ့ကြကြောင်း ဧပြီ ၈ ရက်တွင် နိုက်ဂျီးရီးယားနိုင်ငံကျောင်းသားတစ်ဦး၌ COVID-19 ရောဂါ တွေ့ရှိရသဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် အဆိုပါကျောင်းသားနေထိုင်ခဲ့သည့် ငါးလွှာနှင့် ၎င်းမကြာခဏ သွားရောက်သည့် ခြောက်လွှာတို့အား ထိုနေ့မှစ၍ Lockdown ပြုလုပ်ခဲ့ပြီး ငါးလွှာနှင့် ခြောက်လွှာတွင် နေထိုင်သူများအား ဧပြီ ၁၀ ရက်နှင့် ဧပြီ ၂၀ ရက်တို့တွင် ရုရှားကျန်းမာရေးဌာနမှ လိုအပ်သည့် ဆေးစစ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ ပြုလုပ်ပြီး ဧပြီ ၂၇ ရက်တွင် မြန်မာ့တပ်မတော်မှ သင်တန်းသား နှစ်ဦး၌ COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ရုရှားကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားကာ လက်ရှိအဆောင်တွင် သီးခြားနေထိုင်ရန် ပြောကြားခဲ့ကြောင်း သိရှိရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ MPEI တက္ကသိုလ်တွင်လည်း မတ် ၁၉ ရက်မှ စတင်၍ အဝေးရောက်သင်ကြားမှုစနစ်ဖြင့် သင်ကြားခဲ့ပြီး ၁၆ လွှာပါ အဆောက်အဦ နှစ်ဆောင်တွင် နိုင်ငံတကာမှ သင်တန်းသားများ နေထိုင်ကြကြောင်း၊ ဧပြီ ၁၂ ရက်တွင် မြန်မာ့တပ်မတော်မှ သင်တန်းသားများနေထိုင်သည့် အဆောက်အဦ အမှတ် (၁) မှ ၁၆ လွှာအား COVID-19 ရောဂါပိုးတွေ့ရှိသည့် ရုရှားကျောင်းသားမှ မကြာခဏ လာရောက်သဖြင့် Lockdown ပြုလုပ်ခဲ့ကြောင်း၊ ဧပြီ ၂၇ ရက်တွင် မြန်မာ့တပ်မတော်မှ သင်တန်းသားများအနက် တစ်ဦးမှာ ကိုယ်အပူချိန် မြင့်တက်လာခြင်းကြောင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဧပြီ ၂၇ ရက်တွင် ဓာတ်ခွဲစမ်းမှု အဖြေအရ ယင်းသင်တန်းသားတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း အတည်ပြုခဲ့သည်။
လက်ရှိအခြေအနေအရ ရောဂါပိုး ကူးစက်ခံထားရသော မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိ သုံးဦး၏ ကျန်းမာရေးအခြေအနေမှာ ထူးခြားသည့် ဖျားနာဝေဒနာ ခံစားရမှုမျိုး မရှိဘဲ ကောင်းမွန်လျက်ရှိကြောင်း၊ ရုရှားကျန်းမာရေးဌာန၏ ညွှန်ကြားချက်အရ အဆောင်တွင် သီးခြားနေထိုင်လျက်ရှိပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ရုံးမှ ၎င်းကျောင်းသားများနှင့် ဆက်သွယ်မှု ရယူလျက် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သတင်းရရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။















