တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင် ပထမဆုံး တက်ရောက်ကုသသော Case-29 နှင့် Contact သုံးဦး၏ တတိယကြိမ်မြောက် ဓာတ်ခွဲအဖြေတွင် ရောဂါပိုးမတွေ့

တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင် ပထမဆုံး တက်ရောက်ကုသသော Case-29 နှင့် Contact သုံးဦး၏ တတိယကြိမ်မြောက် ဓာတ်ခွဲအဖြေတွင် ရောဂါပိုးမတွေ့
Published 29 April 2020
စည်သာ(တောင်ကြီး)

တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင် ပထမဆုံး တက်ရောက်ကုသသော Case-29 နှင့် Contact သုံးဦး၏ တတိယကြိမ်မြောက် ဓာတ်ခွဲအဖြေတွင် ရောဂါပိုး မတွေ့ရှိတော့ကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

“Case-29 ကလည်း ပိုးမတွေ့တော့ဘူး။ Case - 29 Contact ဖြစ်တဲ့ ကလော တစ်ယောက်၊ မိသားစုဝင် နှစ်ယောက် တို့မှာ တတိယကြိမ်မြောက် နမူနာစမ်းသပ်မှုအဖြေ Negative ထွက်ပါတယ်။ နှစ်ကြိမ်ဆက် Negative ဆိုရင် ခုထုတ်ထားတဲ့ MOHS Guideline အရ ထပ်စစ်ဖို့ မလိုတော့ပါဘူး” ဟု ရှမ်းပြည်နယ် တောင်ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်အထူးရောဂါနှိမ်နင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူက ပြောကြားသည်။

အဆိုပါ Case-29 နှင့် ထိတွေ့ခဲ့သည့် ၎င်း၏ မိခင်နှင့် အမအပြင် ကားကြုံစီးသူ တစ်ဦး စုစုပေါင်း သုံးဦးမှာလည်း ဧပြီ ၂၉ ရက် တတိယကြိမ်မြောက် ဓာတ်ခွဲစမ်းသပ်မှုအဖြေအရ ရောဂါပိုးမတွေ့ရှိတော့ကြောင်း သိရသည်။

Case -29 အနေဖြင့် ဧပြီ ၁၁ ရက်တွင် ရန်ကုန်မှ တောင်ကြီး ပြန်လာစဉ် လမ်းတစ်ဝက်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ Postive ရှိကြောင်း သိရှိရသဖြင့် တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ သွားရောက်၍ ဆေးရုံသီးသန့်ခန်းတွင် နေထိုင်ခဲ့ပြီး ဓာတ်ခွဲစစ်ဆေးရာတွင် ဒုတိယအကြိမ်အဖြစ် ဧပြီ ၂၁ ရက်တွင်လည်းကောင်း၊  တတိယအကြိမ်အဖြစ် ဧပြီ ၂၄ ရက်တွင်လည်းကောင်း Negative အဖြေ ထွက်ရှိသဖြင့် ဆေးရုံမှဆင်း၍ တောင်ကြီးမြို့ ချယ်ရီကွင်းဟိုတယ်တွင် Quarantine တစ်ပတ်ဝင်ပြီးလျှင် နေအိမ်၌ Quarantine ဆက်နေရမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ကျောက်မဲမှ ပိုးတွေ့လူနာ Case-14 သည် ပထမအကြိမ် ဓါတ်ခွဲစမ်းသပ်မှုအဖြေ Negative ဖြစ်ခဲ့ပြီး နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးရမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင် ပိုးတွေ့လူနာ ခုနစ်ဦးရှိပြီး တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် နှစ်ဦး၊ မူဆယ် ပြည်သူ့ဆေးရုံကြီးတွင် တစ်ဦး၊ လားရှိူးပြည်သူ့ဆေးရုံကြီးတွင် တစ်ဦး၊ ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးတွင် သုံးဦးတို့ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent