ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းပန်ကြားချက်ကို ဧပြီ ၂၈ ရက် ညပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ယခုအချိန်တွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသော်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ပုံမှန်ဆောင်ရွက်လျက်ရှိသော ပြည်သူ့ကျန်းမာရေး စီမံချက်လုပ်ငန်း ၆၈ ခု၏ လုပ်ငန်းဆောင်ရွက်မှုများကို လစ်ဟာမှုမရှိစေရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီ မိုးရာသီ ကျရောက်တော့မည်ဖြစ်သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် မိုးရာသီတွင် အဖြစ်များသော ရောဂါများအနက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကျားကိုက်ခံရခြင်းကြောင့် ကူးစက်ဖြစ်ပွားရခြင်းဖြစ်၍ ခြင်ကျား မရှိပါက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်မည်မဟုတ်ကြောင်း ရေးသားထားသည်။
သွေးလွန်တုပ်ကွေးရောဂါကို သယ်ဆောင်သည့်ခြင်သည် နေအိမ်အတွင်းနှင့် နေအိမ်ပတ်ဝန်းကျင်ရှိ ရေကြည်ရေသန့်တွင် ပေါက်ဖွားခြင်းဖြစ်သဖြင့် ပြည်သူများက မိမိတို့နေအိမ်နှင့် ပတ်ဝန်းကျင်တွင် ခြင်ပေါက်ပွားမှု မရှိစေရေး၊ ပိုးလောက်လန်းနှိမ်နင်းရေး လုပ်ငန်းများကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှသာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း၊ အိမ်တိုင်း၊ ရွာတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့တိုင်းတွင် ခြင်ကျားပိုးလောက်လန်းတစ်ကောင်မျှ မရှိအောင် နှိမ်နင်းခြင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ အောင်မြင်မှုရရှိစေရေး၌ အဓိကအရေးအကြီးဆုံးအချက်မှာ ပြည်သူများ ကိုယ်တိုင်ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ပြည်သူများ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်သော ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်များကို ရပ်ကွက်ကျေးရွာများတွင် အသံချဲ့စက်များ အသုံးပြု၍ အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဦးဆောင်၍ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များနှင့် ရပ်ရွာပြည်သူလူထု ဒေသခံလူမှုရေးအဖွဲ့အစည်းများ မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်ကြမည်ကို မြို့နယ်အလိုက် စီမံချက်များ ရေးဆွဲနိုင်ရန် ဗဟိုက လုပ်ငန်းလမ်းညွှန်များ ချမှတ်ပေးမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ပြည်သူ့ကျန်းမာရေးအခြေခံနိယာမများကို အသုံးပြု၍ ဆောင်ရွက်ပါက ရောဂါဖြစ်ပွားမှုနှုန်းကို ထိရောက်စွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်ချိန်တွင်လည်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အသိပညာပေးနှိုးဆော်မှုများကိုလည်း ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးအသွင်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထု၊ လူမှုရေး အဖွဲ့အစည်းများနှင့် ဒေသအာဏာပိုင်များအားလုံး ၀ိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာ ၂၃ ရက်အထိ တစ်နိုင်ငံလုံး၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၂၃၂၀၃ ဦး၊ သေဆုံးသူ ၁၂၃ ဦးအထိ ရှိလာပြီး ကချင်ပြည်နယ်တွင် လူဦးရေ ၄၀၀၀ ကျော်ဖြင့် ဖြစ်ပွားသေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့သည်။















