လက်ရှိကမ္ဘာ့အားကစားလောက၏ ဝင်ငွေအကောင်းဆုံးကစားသမားများအား Forbes က ထုတ်ပြန်ကြေညာခဲ့ရာ ကမ္ဘာ့ထိပ်တန်းဘောလုံးသမားနှစ်ဦးဖြစ်သည့် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့က အခြားအားကစားသမားများကို ကျော်ဖြတ်ကာ ထိပ်ဆုံးတွင် ရပ်တည်ခဲ့ကြသည်။

ယင်းကစားသမားနှစ်ဦးစလုံးသည် Forbes ၏ တစ်နှစ်တာဝင်ငွေ အကောင်းဆုံး အားကစားသမားများစာရင်းတွင် နှစ်စဉ်လိုလိုပါဝင်ခဲ့သူများဖြစ်ပြီး ယခုကဲ့သို့ပါဝင်နိုင်ခြင်းမှာ ၎င်းတို့ရရှိနေသည့် လစာငွေများအပြင်၊ ကြော်ငြာနှင့် စပွန်ဆာဝင်ငွေများကြောင့်လည်း ဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ယင်းစာရင်းတွင် ၂၀၁၆၊ ၂၀၁၇ ခုနှစ်တို့၌ ထိပ်ဆုံးတွင်ရပ်တည်ခဲ့ဖူးပြီး ပြီးခဲ့သည့်နှစ်ကမူ မေဝယ်လ်သာက ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။

ယခု ၂၀၁၉ ခုနှစ်တွင်မူ စီရော်နယ်လ်ဒို၏ လစာငွေမှာ ကျဆင်းသွားသည့်အတွက် မက်ဆီက ထိပ်ဆုံးသို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး မက်ဆီ၏ တစ်နှစ်တာဝင်ငွေမှာ ဒေါ်လာ (၁၂၇)သန်းအထိရှိခဲ့သည်။
ထူးခြားချက်မှာ ထိပ်ဆုံး (၃)နေရာတွင် ဘောလုံးသမားများ သာရပ်တည်ခဲ့ခြင်းဖြစ်သည်။










