တန်းမဆင်းရသည့်အတွက် ရရှိမည့်ဆုကြေးကို အလန်ပါဂျူး ပြန်လည်လှူဒါန်း

တန်းမဆင်းရသည့်အတွက် ရရှိမည့်ဆုကြေးကို အလန်ပါဂျူး ပြန်လည်လှူဒါန်း
Photo: Sky Sports
Photo: Sky Sports
Published 27 April 2020

နယ်သာလန်ကလပ် ADO Den Haag အသင်း၏ နည်းပြ အလန်ပါဂျူးသည် တန်းမဆင်းရသည့်အတွက် ရရှိမည့်ဆုကြေးကို လက်ခံရယူခြင်းမပြုဘဲ ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

၂၀၁၉-၂၀ ရာသီ နယ်သာလန်လိဂ်ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆက်မကစားတော့ဘဲ ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီး ချန်ပီယံအသင်းနှင့် တန်းဆင်းရမည့်အသင်းများကိုလည်း သတ်မှတ်ခြင်းမပြုခဲ့ပေ။

ထို့ကြောင့် တန်းဆင်းဇုန်ထဲရောက်ရှိနေသည့် ADO Den Haag အသင်းမှာ တန်းဆင်းအန္တရာယ်မှ လွတ်မြောက်ခဲ့ရခြင်းဖြစ်သော်လည်း အသင်းတာဝန်ရှိသူများက ကြိုတင်သဘောတူညီထားသည့်အတိုင်း အလန်ပါဂျူးကို ဆုကြေးပေါင်(၁)သိန်း ပေးအပ်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

အလန်ပါဂျူးသည် ADO Den Haag အသင်းကို ဒီဇင်ဘာ(၂၄)တွင် စတင်တာဝန်ယူခဲ့ခြင်းဖြစ်ပြီး တန်းဆင်းဇုန်မှလွတ်မြောက်ရန် လုပ်ဆောင်ပေးရမည်ဖြစ်သော်လည်း ၎င်းလက်ထက်တွင်လည်း အဆင့်တက်လာခြင်းမရှိခဲ့ပေ။

ထို့ကြောင့် ပြိုင်ပွဲဖျက်သိမ်းလိုက်ရသဖြင့် တန်းဆင်းရမည့်အခြေအနေမှ လွတ်မြောက်ပြီး ဆုကြေးရရှိခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

သို့သော် အလန်ပါဂျူးက အဆိုပါဆုကြေးကို မိမိလက်ခံခြင်းမရှိကြောင်းနှင့် အသင်းမှ ဝန်ထမ်းများနှင့် နယ်သာလန်ကျန်းမာရေးဝန်ထမ်းများကို လှူဒါန်းစေခဲ့ကြောင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အလန်ပါဂျူးက ''ကျွန်တော် ADO Den Haag အသင်းနဲ့ စာချုပ်ချုပ်ခဲ့ရာမှာ တန်းမဆင်းရရင် ဆုကြေးရမယ့်အချက် ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် အသင်းက ကျွန်တော့်ကို ဆုကြေးပေးမယ်လို့ အကြောင်းကြားပါတယ်။ ဒါပေမဲ့ အဲဒီဆုကြေးကို အသင်းဝန်ထမ်းတွေနဲ့ နယ်သာလန်ကျန်းမာရေးဝန်ထမ်းတွေကို လှူဒါန်းပေးဖို့ ကျွန်တော် ချက်ချင်းဆက်သွယ်စေခိုင်းခဲ့ပါတယ်။ ကျွန်တော့်အပေါ် နားလည်မှုမလွဲကြဖို့ မျှော်လင့်ပါတယ်'' ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent