စပိန်နိုင်ငံမှ နာမည်ကြီးအားကစားသတင်းစာများဖြစ်သော AS၊ Marca ၊ Mundo Deportivo နှင့် Sport တို့သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း ကြက်ခြေနီအဖွဲ့အတွက် ရန်ပုံငွေရှာဖွေပေးရန် ပူးပေါင်းမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါသတင်းစာ(၄)စောင်သည် ရန်ပုံငွေရှာဖွေရေး အထူးအစီအစဉ်အဖြစ် ယနေ့ထုတ်ဝေသည့် သတင်းစာကို ပူးပေါင်းဖန်တီးကာ ထုတ်ဝေခဲ့ခြင်းဖြစ်သည်။
ယင်းသတင်းစာကို Our Greatest Victory အခမ်းနားဆုံးအောင်ပွဲဟူသည့် ဆောင်ပုဒ်ဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး နာမည်ကျော်ဆောင်းပါးရှင်များ၏ ရေးသားမှု၊ နာမည်ကျော်အားကစားသမားများ၏ အင်တာဗျူးများဖြင့် ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
ယခုကဲ့သို့ ထူးခြားသည့် ပူးပေါင်းထုတ်ဝေမှုနှင့်အတူ လှူဒါန်းမှုများ ပြုလုပ်ရန်လည်း ဆော်သြခဲ့ကြသည်။
၎င်းတို့က အလှူငွေ ယူရို(၁၁)သန်းရရှိရန် မျှော်မှန်းထားပြီး စပိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကူအညီလိုအပ်နေသူ (၁.၃၅)သန်း ရှိနေကြောင်းလည်း သိရှိရသည်။










