အေစီမီလန်အသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်က ဆွီဒင်ကလပ် မာလ်မိုအသင်း ကွင်းအပြင်ဘက်ရှိ မိမိ၏ပုံတူရုပ်တုဖျက်ဆီး သူများမှာ KG (သူငယ်တန်း) အဆင့်သာရှိသူ များဖြစ်ကြောင်း ဝေဖန်ပြောကြားသည်။
ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့သည့် မာလ်မိုအသင်းက ၎င်းအား ဂုဏ်ပြုသည့်အနေဖြင့် ကွင်းအပြင်ဘက်တွင် ပုံတူကြေးရုပ်တုထားရှိခဲ့သော်လည်း အီဘရာဟီမိုဗစ်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် မာလ်မိုအသင်း၏ပြိုင်ဘက် ဟမ်မာဘီအသင်း၏ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို ဝယ်ယူရာမှ ပြဿနာစတင်ခဲ့ခြင်း ဖြစ်သည်။
မာလ်မိုအသင်း ပရိသတ်များသည် ယင်းရုပ်တုကို မီးရှို့ခြင်း၊ မှုတ်ဆေးဖြင့်ဖျန်းခြင်း စသည်ဖြင့် အကြိမ်ကြိမ်ဖျက်ဆီးခဲ့သလို ဇန်နဝါရီတွင်မူ ဖြိုလှဲသည်အထိပြုလုပ်ခဲ့သောကြောင့် ပြန်လည်ဖယ်ရှားခဲ့ရသည်။

လက်ရှိအချိန်တွင် ဟမ်မာဘီအသင်းနှင့်အတူ လေ့ကျင့်မှုပြုလုပ်နေသည့် အီဘရာဟီမိုဗစ်က ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ''ဒါက ရှက်စရာကောင်းပါတယ်။ သူတို့တွေက မီဒီယာ တွေမှာ ရေးသားဖော်ပြတဲ့ အာရုံစိုက်မှုလိုချင်တာပါ။ ဒါက KG အဆင့်လောက်ပဲ ရှိပါတယ်။ ကျွန်တော်တို့တွေက သူတို့ထက် ပိုမြင့်တာပေါ့။ ဒါက ရုပ်တုတစ်ခုပါပဲ။ ဒီလို ဖျက်ဆီးလိုက်ရုံနဲ့ ကျွန်တော့်သမိုင်းကြောင်းတွေကို ဖျက်ပစ်လို့မရပါဘူး။ ကျွန်တော့်ရဲ့ အကြောင်းတွေက အမြဲတမ်းရှိနေဦးမှာပါ'' ဟု ဝေဖန်ပြောကြားသည်။
အသက် (၃၈) နှစ်ရှိပြီဖြစ်သည့် အီဘရာဟီမိုဗစ်သည် ဒီဇင်ဘာတွင် အသင်းဟောင်း အေစီမီလန်သို့ ခြောက်လစာချုပ်ဖြင့် လာရောက်ကစားနေခြင်းဖြစ်သည်။










