ဘာစီလိုနာအသင်းသည် လာမည့်အပြောင်းအရွှေ့ကာလအတွင်း အသင်း၏ကွင်းလယ်ပိုင်းကို အားဖြည့်ရန်အတွက် စပါးအသင်း၏ကွင်းလယ်လူ အန်ဒွန်ဘီလီအား မျက်စိကျနေပြီး အသင်း၏နောက်ခံလူများဖြစ်သည့် ဆယ်မီဒို (သို့မဟုတ်) အမ်တီတီနှင့် အလဲအထပ်ပြုလုပ်ရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။
အသက် (၂၃)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ အန်ဒွန်ဘီလီသည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့က လိုင်ယွန်အသင်းမှ စပါးအသင်းသို့ ကလပ်အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၆၂)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး စပါးအတွက် ပြိုင်ပွဲစုံ (၂၇)ပွဲကစားပေးထားကာ ခြေစွမ်းပြနိုင်ခဲ့သူလည်းဖြစ်သည်။

Sky Sports ၏ဖော်ပြချက်အရ ဘာစီလိုနာအသင်းအနေဖြင့် အန်ဒွန်ဘီလီအား ခေါ်ယူရန်အသင့်ရှိနေပြီး ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန်ထက် အသင်း၏ ကစားသမားတစ်ဦးဦးနှင့်လဲလှယ်ရန်စီစဉ်နေခြင်းဖြစ်သည်။
ထို့ကြောင့်ဘာစီလိုနာအသင်းအနေဖြင့် ခံစစ်ပိုင်းအားဖြည့်ရန်စိတ်အားထက်သန်နေသော စပါးအသင်းအတွက် အသင်း၏နောက်ခံလူ (၂)ဦးဖြစ်သည့် ဆယ်မီဒိုနှင့် အမ်တီတီတို့ တစ်ဦးဦးနှင့် လဲလှယ်ရန် ကမ်းလှမ်းဖွယ်ရှိနေကြောင်းသိရသည်။

စပါးအသင်းနည်းပြ မော်ရင်ဟိုသည် အသင်း၏ခံစစ်ပိုင်းအား အားရကျေနပ်မှုမရှိဘဲ ထိပ်တန်းအဆင့်ခံစစ်ကစားသမားများကို အားဖြည့်ရန်စီစဉ်နေရာ ဘာစီလိုနာအသင်း၏ကမ်းလှမ်းမှုမှာ စိတ်ဝင်စားစရာဖြစ်နေကြောင်းသိရသည်။
ထို့ပြင် အန်ဒွန်ဘီလီအနေဖြင့်လည်း လက်ရှိတွင် နည်းပြမော်ရင်ဟိုနှင့် အဆင်မပြေဖြစ်နေပြီး စပါးအသင်းမှထွက်ခွာရန် အသင့်ရှိနေကြောင်းနှင့် ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ရန် စိတ်ဝင်စားနေကြောင်းလည်း ဗြိတိန်မီဒီယာများကဖော်ပြခဲ့ကြသည်။










