ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ရပ်နားထားရသည့် လိဂ်ပြိုင်ပွဲများကို နည်းလမ်းအမျိုးမျိုးနှင့် ပြီးဆုံးအောင်ကျင်းပရန် တိုက်တွန်းခဲ့ပြီး လာမည့်ရာသီဥရောပဝင်ခွင့်အတွက် အဓိကဖြေရှင်းရန် အဖွဲ့ဝင်နိုင်ငံများအား ညွှန်ကြားထားကြောင်း သိရသည်။
ဥရောပဘောလုံးအဖွဲ့ချုပ်သည် လိဂ်ပြိုင်ပွဲများ အမြန်ဆုံးပြန်လည်စတင်နိုင်ရန်နှင့် ပြီးဆုံးအောင် ကျင်းပနိုင်ရန်အတွက် ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ကြာသပတေးနေ့က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲအပြီး၌ ယင်းကဲ့သို့ တိုက်တွန်းအကြံပြုခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲ၌ UEFA က "ကိုရို နာဗိုင်းရပ်စ်နှင့် ရင်ဆိုင်နေရသည့်ကာလဖြစ်သောကြောင့် လိဂ်ပြိုင်ပွဲများကို ပြီးဆုံးအောင်ကျင်းပနိုင်ရန် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းမျိုးစုံကို ရှာဖွေအသုံးပြုသင့်ကြောင်း၊ လိဂ်ပြိုင်ပွဲများ ပြီးဆုံးအောင် မကျင်းပနိုင်ခဲ့ပါက ဥရောပဝင်ခွင့်အတွက် လက်ရှိရာသီမှ စွမ်းဆောင်ရည်အပေါ် အခြေခံပြီး ထိုက်တန်သည့်အသင်းများ ဝင်ခွင့်ရရှိအောင် ဖြေရှင်းရမည်ဖြစ်ကြောင်း ပါရှိခဲ့သည်။

ယခုရာသီ လိဂ်ပြိုင်ပွဲများကို ပြီးဆုံးအောင် ကျင်းပနိုင်ခြင်းမရှိခဲ့ပါက UEFA ၏ Club Coefficient အပေါ် အခြေခံပြီး ဥရောပဝင်ခွင့်သတ်မှတ်ဖွယ်ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သတင်းများထွက်ပေါ်ခဲ့သည်။
ယခု UEFA ကမူ ဥရောပဝင်ခွင့်အတွက် နိုင်ငံအလိုက် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဖြေရှင်းရန်လိုလားခြင်းဖြစ်ပြီး လက်ရှိရာသီစွမ်းဆောင်မှုများအပေါ် အဓိကထားရန် တောင်းဆိုထားခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

ထို့ကြောင့် လက်ရှိအမှတ်ပေးဇယားရပ်တည်မှုအတိုင်း သို့မဟုတ် ကစားခဲ့သည့်ပွဲအရေအတွက်နှင့် တစ်ပွဲပျမ်းမျှအမှတ်ရရှိမှုအပေါ် မူတည်ဆုံးဖြတ်ခဲ့ပါက ပရီးမီးယားလိဂ်တွင် မန်ယူအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်နှင့် လွဲချော်မည်ဖြစ်သလို၊ အာဆင်နယ်နှင့် စပါးအသင်းတို့မှာလည်း ယူရိုပါလိဂ်ဝင်ခွင့်နှင့် လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် UEFA သည် လုံလောက်သည့်ဖြေရှင်းချက်ပေးနိုင်ခြင်းမရှိဘဲ လိဂ်ပြိုင်ပွဲများကို ဖျက်သိမ်းခဲ့ပါက ယင်းလိဂ်ပြိုင်ပွဲများမှ ကလပ်အသင်းများကို ဥရောပဝင်ခွင့် သတ်မှတ်ပေးဖွယ်မရှိကြောင်းလည်း သိရသည်။










