ဧပြီ ၂၀ ရက်မှ ၃၀ ရက်အတွင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများပိတ်ရန် အစိုးရက ထုတ်ပြန်ထားသော်လည်း တိကျသည့် ညွှန်ကြားချက်မရှိ ဟုဆိုကာ အထည်ချုပ်စက်ရုံအချို့ လုပ်ငန်းလည်ပတ်မှုများ ရှိခဲ့ကြောင်း ဧပြီ ၂၀ ရက်က စုံစမ်းသိရှိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ဧပြီ ၂၀ ရက်မှ ၃၀ ရက်အတွင်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်၍ သတ်မှတ်ချက်များနှင့် ကိုက်ညီမှသာ ပြန်လည်ဖွင့်လှစ်ခွင့် ပြုမည်ဖြစ်ကြောင်း ဧပြီ ၁၉ ရက်တွင် အသိပေးချက် ထုတ်ပြန်ခဲ့သည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားသော်လည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ် အတွင်းရှိ အထည်ချုပ်စက်ရုံအချို့ လုပ်ငန်းလည်ပတ်မှုများ ရှိခဲ့သည်။
“ကျွန်တော်တို့စက်ရုံမှာ ဒီနေ့ (ဧပြီ ၂၀ ရက်) အလုပ်ဆင်းရတယ်။ အစိုးရက မနေ့က ကြေညာချက် ထုတ်ပြန်တာကို စက်ရုံမန်နေဂျာကို ပြတယ်။ လှိုင်သာယာမြို့နယ်မှာရှိတဲ့ အလုပ်သမားရုံးကတောင် ရေရေရာရာ မသိရသေးတဲ့အတွက် စက်ရုံမပိတ်တာလို့ ပြောတယ်။ အခုလက်ရှိ ကျွန်တော်တို့ လုပ်ငန်းခွင်မှာ အလုပ်သမား ၇၀၀ လောက် အလုပ်လုပ်နေတယ်။ အစိုးရ တရားဝင် ထုတ်ပြန်တာကို အလုပ်ရှင်တွေ လိုက်နာဖို့လိုတယ်။ အစိုးရထုတ်ပြန်ပေမဲ့ လုပ်ငန်းရှင်တွေက ၂၀ ရက်ကနေ သုံးရက် အလုပ်မလာရင် ဖြုတ်မှာတို့၊ ၂၀ ရက်ဖွင့်တာကို အလုပ်မဆင်းရင် သင်္ကြန်ပိတ်ရက် ၁၀ ရက်စာ ပိုက်ဆံမပေးဘူးလို့ ပြောတာတွေရှိတယ်။ အဲဒါကြောင့် အစိုးရ ထုတ်ပြန်ချက်တွေ့ပေမဲ့ အလုပ်သွားရတာ” ဟု လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်အတွင်းရှိ အထည်ချုပ်စက်ရုံ တစ်ရုံတွင် အလုပ်လုပ်နေသော ကိုမျိုးကျော်က ပြောကြားသည်။
ဧပြီ ၂၀ ရက်တွင် ရွှေလင်ပန်းစက်မှုဇုန်အတွင်း လုပ်ငန်းလည်ပတ်နေသည့် စက်ရုံ ၁၁ ရုံရှိကြောင်း စက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။
“ဒီနေ့ ရွှေလင်ပန်းမှာ စက်ရုံ ၁၁ ရုံ လည်ပတ်ပါတယ်။ အရေအတွက်နည်းနည်း လူအင်အားနည်းတဲ့ စက်ရုံလေးတွေပေါ့။ အလုပ်သမား ဝန်ကြီးဌာနနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက အခုစစ်ဆေးနေပါတယ်။ လည်ပတ်နေတဲ့ စက်ရုံတွေထဲမှာ ဆန်စက်၊ အချိုရည်စက်ရုံနဲ့ အထည်ချုပ်စက်ရုံ အသေးတွေ ပါပါတယ်။ စက်ရုံအကြီးတွေကတော့ ဒီမနက် အလုပ်လာပေမဲ့ ပြန်လွှတ်လိုက်တာမျိုး တွေရှိတယ်။ ဘာလို့လဲဆိုတော့ ကြေညာချက်က နောက်ကျမှ ရောက်လာတာမျိုးတွေ ရှိတယ်လေ” ဟု ရွှေလင်ပန်း စက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။
“ဒီနေ့ အလုပ်စဆင်းရမယ်ဆိုလို့ စက်ရုံကိုသွားတယ်။ နေ့လယ် ၁၂ နာရီမှာ အကုန်လုံးကို ပြန်လွှတ်ပေးပြီးတော့ နောက်ထပ် ၁၀ ရက် ထပ်ပိတ်ပေးတယ်။ လစာကိုလည်း အပြည့်ပေးမယ်လို့ စက်ရုံကပြောတယ်” ဟု ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ တစ်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် ဒေါ်နန္ဒာက ပြောကြားသည်။
ဧပြီ ၂၀ ရက်တွင် လုပ်ငန်းပြန်လည် လည်ပတ်သော စက်ရုံများအနက် အများစုသည် ဧပြီ ၂၁ ရက်မှ မေ ၁ ရက်အထိ အလုပ်ပိတ်ပေးခဲ့ကြောင်း သိရသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ထုတ်ပြန်သော ညွှန်ကြားစာတွင် ဧပြီ ၂၀ ရက်မှ ၃၀ ရက်အတွင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှသာ ပြန်လည်ဖွင့်လှစ်ခွင့် ပြုမည်ဟုသာ ပါရှိသည်။ ဧပြီ ၂၀ ရက်တွင် အလုပ်သမားများ အနေဖြင့် လုပ်ငန်းခွင်များ၊ စက်ရုံများသို့ သွားရောက်၍ အလုပ်လုပ်ရမည် သို့မဟုတ် မလုပ်ရဟု ရှင်းရှင်းလင်းလင်း ရေးသားထားခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် လူမှုဖူလုံရေးကြေး ထည့်သွင်းထားသော အလုပ်သမား ၁၅ သိန်းကျော်ရှိပြီး လူမှုဖူလုံရေး အာမခံ အလုပ်သမားများကို ဧပြီ ၂၀ ရက်မှ ၃၀ ရက်အတွင်း အလုပ်ပိတ်သည့် ၁၀ ရက်စာအတွက် လုပ်ခ လစာ၏ ရာခိုင်နှုန်း ၆၀ ပေးရန် ဆောင်ရွက်နေကြောင်း အလုပ်သမားရေးရာ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။
“ပိတ်တဲ့ကာလမှာ လူမှုဖူလုံရေး အကျုံးဝင် ဝန်ထမ်းတွေကို ဆောင်ရွက်ပေးဖို့ ပြင်ဆင်နေတယ်။ သို့သော် ဒါက ဥပဒေရှိတယ်။ လုပ်ထုံးလုပ်နည်းရှိတော့ ရော့-အင့် ဆိုပြီး ပေးလို့မရဘူး။ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်။ လစာမဟုတ်ဘူး။ လူမှုဖူလုံရေးဥပဒေမှာ ကျန်းမာရေး အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ရင် လူမှုဖူလုံရေးထည့် ဝင်ကြေးရဲ့ ရာခိုင်နှုန်း ၆၀ ပေးခွင့်ရှိတယ်ဆို တာရှိတယ်။ အဲဒါကို ပေးမှာပေါ့။ ဧပြီ တစ်လလုံး အတွက်တော့ မဟုတ်ဘူး။ ၁၀ ရက်စာ အတွက်ပေါ့” ဟု ဦးမျိုးအောင်က ပြောကြားသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက မရှိမဖြစ် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းများမှလွဲ၍ ကျန်လုပ်ငန်းအားလုံး ပိတ်သိမ်းရမည်ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။
အစိုးရ သတ်မှတ်ထားသော ညွှန်ကြားချက်အတိုင်း လိုက်နာခြင်းမရှိသော စက်ရုံ၊ အလုပ်ရုံများကို အရေးယူမည်ဖြစ်ပြီး အလုပ်ရှင်က ဖိအားပေး၍ အလုပ်ဖွင့်ခိုင်းစေခြင်း များရှိလျှင် အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။















