ချယ်လ်ဆီးအသင်းမှ တာဝန်ရှိသူများသည် ပထမအသင်းသားများအား လစာ၏ (၃၀)ရာခိုင်နှုန်းအထိ လျှော့ယူပေးရန် မျှော်လင့်နေပြီး ကစားသမားများဘက်က ယင်းပမာဏအထိ လျှော့ယူရန် ဆန္ဒမရှိဘဲ (၁၀)ရာခိုင်နှုန်းသာ လျှော့ယူမည်ဖြစ်ကြောင်း အက်ဇ်ပီလီကွယ်တာက တင်ပြထားသည်။
ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွယ်တာသည် အသင်းကစားသမားများ လစာလျှော့ယူမည့်ကိစ္စအတွက် တာဝန်ရှိသူများနှင့် ဆွေးနွေးနေပြီး လစာ(၁၀)ရာခိုင်နှုန်း လျှော့ယူရန် ညှိနှိုင်းနေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းမှ တာဝန်ရှိသူများသည် ပထမအသင်းသားများအား လစာ၏ (၃၀)ရာခိုင်နှုန်းအထိ လျှော့ယူပေးရန် မျှော်လင့်နေပြီး ဒါရိုက်တာ ဂရာနော့ဗ်စကာယီယာက အသင်းကိုယ်စားပြု ဦးဆောင်ဆွေးနွေးလျက်ရှိသည်။

သို့ရာတွင် ကစားသမားများဘက်က ယင်းပမာဏအထိ လျှော့ယူရန် ဆန္ဒမရှိဘဲ (၁၀)ရာခိုင်နှုန်းသာ လျှော့ယူမည်ဖြစ်ကြောင်း အက်ဇ်ပီလီကွယ်တာက ကစားသမားများကိုယ်စား တင်ပြထားသည်။
ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ကလပ်အသင်းများကို ကစားသမားလစာအား (၃၀)ရာခိုင်နှုန်း လျှော့ချပေးချေသင့်သည်ဟု အကြံပေးထားသည်။

ကစားသမားများဘက်ကမူ ယင်းအကြံဉာဏ်အား နှစ်သက်ခြင်းမရှိဘဲ လစာငွေလျှော့ချခြင်းထက် ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းမှုများ ပြုလုပ်ခြင်းကို ပိုမိုသဘောကျနေသည်။
ပြီးခဲ့သည့်အပတ်ကစ၍ ပရီးမီးယားလိဂ်ကစားသမားများသည် PlayersTogether ဟူသည့် ပရဟိတအစီအစဉ်တစ်ရပ်အား စတင်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း NHS အား အကူအညီပေးလျက်ရှိသည်။
ထို့ကြောင့် ကလပ်အသင်းဘက်က လစာငွေလျှော့ချခြင်းထက် Deferrals ဟုခေါ်သည့် လတ်တလောတွင် လစာလျှော့ယူကာ နောက်မှ အပြည့်အဝပြန်လည်ပေးချေမည့် စနစ်ကို စဉ်းစားလာသည်။

ချယ်လ်ဆီးကစားသမားများအနေဖြင့် အဆိုပါအစီအစဉ်ကိုမူ ထောက်ခံကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း ပရဟိတလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောက်ရွက်ပေးလျက်ရှိပြီး စတမ်းဖို့ဒ်ဘရစ်ချ်ရှိ Millennium Hotel ကိုလည်း NHS အတွက် လှူဒါန်းပေးထားသည်။
လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းကစားသမားများကမူ လစာငွေ၏ (၁၂.၅)ရာခိုင်နှုန်း လျှော့ချမည့်အစီအစဉ်ကို လက်မခံခဲ့ကြောင်း သိရသည်။










