အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီ၏ ခံစစ်အသားပေးဗျူဟာကြောင့် ယာအိုဖီးလစ်မှာ ခြေစွမ်းပြရန် ရုန်းကန်နေရခြင်းဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေပြီး လက်ရွေးစင်အသင်းဖော် ယာအိုမာရီယိုကလည်း ယင်းကဲ့သို့ ထင်မြင်နေသည်။
ပေါ်တူဂီကွင်းလယ်လူ ယာအိုမာရီယိုက လက်ရွေးစင်အသင်းဖော် ယာအိုဖီးလစ်အတွက် အက်သလက်တီကိုထက် ဘာစီလိုနာက ပိုမိုသင့်တော်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။

အသက်(၂၀)အရွယ် ယာအိုဖီးလစ်သည် အက်သလက်တီကိုအသင်းထံသို့ ပြောင်းရွှေ့ကြေးယူရို(၁၂၆)သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး မျှော်လင့်တကြီး စောင့်ကြည့်ခြင်းကို ခံခဲ့ရသော်လည်း စပိန်မြေတွင် ခြေစွမ်းပြရန် ရုန်းကန်နေရသည်။
၂၀၁၉ ခုနှစ်၏ အကောင်းဆုံးလူငယ်ကစားသမားဆုရှင် ယာအိုဖီးလစ်သည် ယခုရာသီတွင် အက်သလက်တီကိုအသင်းအတွက် (၆)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၃)ကြိမ်သာ ပြုလုပ်နိုင်သေးသည်။

အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီ၏ ခံစစ်အသားပေးဗျူဟာကြောင့် ယာအိုဖီးလစ်မှာ ခြေစွမ်းပြရန် ရုန်းကန်နေရခြင်းဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေပြီး လက်ရွေးစင်အသင်းဖော် ယာအိုမာရီယိုကလည်း ယင်းကဲ့သို့ ထင်မြင်နေသည်။
ယာအိုမာရီယိုက "သူက ဘင်ဖီကာက ပြောင်းလာတာ။ အဲဒီမှာ ဘောလုံးကို တိုက်စစ်အသားပေးကစားတာ များပါတယ်။ အက်သလက်တီကိုက ခံစစ်အသင်းဖြစ်တဲ့အပြင် ပြောင်းရွှေ့ကြေးရဲ့ ဖိအားက ရှိသေးတယ်။ အသားကျဖို့ ခက်ခဲ့တဲ့အနေအထားပါ။ ဘာစီလိုနာမှဆိုရင် ကစားဟန်ကြောင့် သူ ဒီလောက် ခက်ခဲနေမယ်မထင်ဘူး"ဟု ပေါ်တူဂီသတင်းစာ Record သို့ ပြောကြားခဲ့သည်။

ယာအိုမာရီယိုသည် ၂၀၁၉ စက်တင်ဘာက Marca နှင့် ပြုလုပ်ခဲ့သည့်အင်တာဗျူးတွင်လည်း ယာအိုဖီးလစ်အနေဖြင့် ခြေစွမ်းထက်မြက်သော်လည်း (၁၉)နှစ်အရွယ်ကောင်လေးတစ်ဦးထံမှ များစွာမျှော်လင့်နေရန် မဖြစ်နိုင်ဟု သုံးသပ်ခဲ့ဖူးသည်။










