မော်ရင်ဟိုနှင့် ကစားသမားအချို့ ပန်းခြံတစ်ခုအတွင်း လေ့ကျင့်မှုပြုလုပ်နေသည့် ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များ ထွက်ပေါ်လာပြီး ဝေဖန်မှုရှိနေသဖြင့် လမ်းညွှန်ချက်များကို လိုက်နာရန် စပါးအသင်း ပြောရေးဆိုခွင့်ရှိသူက သတိပေးခဲ့ကြောင်း သိရသည်။
စပါးအသင်းနည်းပြ မော်ရင်ဟိုနှင့် ကွင်းလယ်လူ အန်ဒွန်ဘီလီသည် လန်ဒန်မြို့ရှိ ပန်းခြံတစ်ခုတွင် လေ့ကျင့်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောက်ခံလူ ဒါဗင်ဆန်ဆန်းချက်ဇ်နှင့် ဆီဆက်နွန်မှာလည်း ယင်းပန်းခြံတစ်ဝိုက်တွင် အပြေးလေ့ကျင့်နေကြောင်း Mike ဟုအမည် ရသူက ဗီဒီယိုရိုက်ကူး၍ Twitter တွင် တင်ခဲ့သည်။

ထို့ပြင် နောက်ခံလူ အော်ရီယေးကလည်း အခြားသူတစ်ဦးနှင့် အပြေးလေ့ကျင့်နေသည့် ဗီဒီယိုကို Instagram တွင် ကိုယ်တိုင်တင်ထား သဖြင့် ဝေဖန်မှုများထွက်ပေါ်လာခြင်းဖြစ်သည်။
သို့ဖြစ်ရာ စပါးအသင်း ပြောရေးဆိုခွင့် ရှိသူက ''ကျွန်တော်တို့အသင်း ကစားသမား အားလုံးအနေနဲ့ ပြင်ပထွက်ပြီး လေ့ကျင့်ခန်း ပြုလုပ်ချိန်မှာ Social Distancing ညွှန်ကြားချက်ကို လေးစားမှုရှိဖို့ ထပ်ပြီးသတိပေးပါရစေ။ ဒီသတင်းစကားကို ကျွန်တော်တို့ ဆက် ပြီးတော့ တွန်းအားပေးနေသင့်ပါတယ်'' ဟု သတိပေးပြောကြားခြင်းဖြစ်သည်။

ဗြိတိန်အစိုးရက ထုတ်ပြန်ထားသည့် Social Distancing လမ်းညွှန်ချက်အရ လမ်းလျှောက်ထွက်ခြင်း (သို့မဟုတ်) ပြင်ပ ထွက်၍ လေ့ကျင့်ခန်းပြုလုပ်ခြင်းကို တစ်နေ့လျှင် တစ်ကြိမ်သာ ပြုလုပ်ခွင့်ပေးထားပြီး တစ်ဦးနှင့်တစ်ဦးအကြား အနည်းဆုံး (၂)မီတာ (၆ ပေ) အကွာအဝေးတွင် နေရမည်ဖြစ်ကြောင်းသိရသည်။










