ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ(FIFA)၏ ဦးဆောင်မှုနှင့်အတူ ဘောလုံးလောကမှ ထိပ်တန်းတာဝန်ရှိသူများသည် လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလနှင့် ကစားသမားများ၏ စာချုပ်သက်တမ်းကုန်ဆုံးမည့်ရက်ကို ပြောင်းလဲသတ်မှတ်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။
လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကမ္ဘာတစ်ဝှမ်းမှ ဘောလုံးပြိုင်ပွဲများစွာကို ရပ်နားထားရပြီး ပြန်လည်စတင်နိုင်မည့်အချိန်ကိုလည်း ဆုံးဖြတ်နိုင်ခြင်းမရှိသေးပေ။
သို့သော် လာမည့်သြဂုတ်လဆန်းပိုင်း၌ ယခုရာသီကို အဆုံးသတ်နိုင်ရန် မျှော်လင့်နေကြပြီး ယင်းကာလအထိ လိဂ်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ရပါက နွေရာသီအပြောင်းအရွှေ့စျေးကွက်နှင့် ကစားသမားများ၏ စာချုပ်သက်တမ်းများမှာ ရှုပ်ထွေးမှုများ ရှိလာမည်ဖြစ်သည်။
ဥရောပဘောလုံးလောကမှ ကစားသမားအများစု၏ စာချုပ်သက်တမ်းမှာ ဇွန်(၃၀)တွင် ကုန်ဆုံးမည်ဖြစ်၍ ပြောင်းလဲသတ်မှတ်ရန် ဆွေးနွေးနေကြခြင်းဖြစ်သည်။
လက်ရှိဆွေးနွေးမှုမှာ အပေါင်းလက္ခဏာဆောင်နေပြီး ပြောင်းလဲသတ်မှတ်မှုများပြုလုပ်ရန် အကြိုသဘောတူညီမှု ရရှိထားပြီဖြစ်သည့်အတွက် တိကျသည့်အချိန်ကာလသတ်မှတ်ရန်သာ ကျန်ရှိတော့သည်ဟု BBC က ဖော်ပြခဲ့သည်။
ထို့ပြင် နွေရာသီအပြောင်းအရွှေ့စျေးကွက်ကို စက်တင်ဘာလမှ စတင်ဖွင့်လှစ်ရန် ဆုံးဖြတ်သွားဖွယ်ရှိနေပြီး ယခုရက်ပိုင်းအတွင်း ဆုံးဖြတ်ကြေညာဖွယ်ရှိနေသည်ဟု သိရသည်။










