ရီးယဲလ်မက်ဒရစ်အသင်းသည် လစာငွေယူရို (၇၅)သန်းအထိ လျော့ကျစေရန်အတွက် အသင်း၏ ကစားသမား (၄)ဦးကို လျှော့ချရန်စီစဉ်နေပြီး ဘေးလ်၊ ဟာမီးစ်ရိုဒရီဂွက်ဇ်၊ အော်ဒရီယိုဇိုလာနှင့် မာရီယာနိုဒီယက်ဇ်တို့ ပါဝင်နေကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။
ရီးယဲလ်အသင်းသည် ကစားသမားများ၏လစာငွေအတွက် တစ်နှစ်လျှင် ယူရို (၂၈၄)သန်းအထိအသုံးပြုနေရပြီး ဘာစီလိုနာအသင်းပြီးလျှင် ကမ္ဘာပေါ်၌ ဒုတိယလစာပေးချေမှု အများဆုံးဘောလုံးအသင်းဖြစ်နေသည်။

ထို့အတွက်ကြောင့် ရီးယဲလ်အသင်းအနေဖြင့် လစာငွေများလျော့ကျစေရန် စီစဉ်နေခြင်းဖြစ်သည်။ အထူးသဖြင့် အသင်း၏လစာအမြင့်ဆုံးကစားသမားဖြစ်ပြီး ခြေစွမ်းပြရန်ရုန်းကန်နေရသည့် ဂါရတ်ဘေးလ်အား အသင်းမှထွက်ခွာစေရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
ဘေးလ်သည် ရီးယဲလ်အသင်းတွင် တစ်နှစ်လစာငွေ ယူရို (၁၄.၅) သန်းအထိရရှိနေပြီး စာချုပ်သက်တမ်းမှာ (၂)နှစ်ကျန်ရှိနေသေးသည့်အတွက် ၎င်းအတွက် ယူရို (၂၉)သန်းအထိ ပေးချေရဖွယ်ရှိနေသည်။

သို့သော် ဘေးလ်မှာ မက်ဒရစ်မှထွက်ခွာရန် ဆန္ဒမရှိကြောင်း ဖွင့်ဟထားသောကြောင့် ရီးယဲလ်အသင်းအနေဖြင့် ဘေးလ်အားဖျောင်းဖျနိုင်ရန် လိုအပ်ကြောင်းလည်း AS က ဖော်ပြခဲ့သည်။
ထို့ပြင် နောက်ထပ်လစာမြင့်မား စွာပေးချေထားရပြီး အသင်းတွင်ပုံမှန်နေရာမရသည့် ဟာမီးစ်ရိုဒရီဂွက်ဇ်ကိုလည်း လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အပြီးသတ်ရောင်းချသွားရန် စီစဉ်နေကြောင်း သိရသည်။










