တစ်နည်းမဟုတ်တစ်နည်းဖြင့် လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လိမ့်မည်ဟု ဆယ်ဖာရင် ပြောကြား

တစ်နည်းမဟုတ်တစ်နည်းဖြင့် လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လိမ့်မည်ဟု ဆယ်ဖာရင် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 6 April 2020

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ဥက္ကဋ္ဌ ဆယ်ဖာရင်က ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အမှတ်ဖြတ်ဦးဆောင်နေသော လီဗာပူးလ်အသင်းသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် ချန်ပီယံဆုရရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပြိုင်ပွဲပြီးဆုံးရန် (၉)ပွဲအလို၌ ဒုတိယနေရာမှ မန်စီးတီးအသင်းကို (၂၅)မှတ်ဖြတ်ထားနိုင်သည့်အတွက် ချန်ပီယံဖြစ်ရန် သေချာသလောက်ရှိနေပြီဖြစ်သည်။

သို့သော် ပြိုင်ပွဲပြန်လည်ကျင်းပနိုင်ရန် မသေချာသေးဘဲ ဖြစ်နေသည့်အတွက် လီဗာပူးလ်အသင်း ချန်ပီယံဆုရရှိရန်မှာလည်း မတင်မကျဖြစ်နေရာ ဆယ်ဖာရင်က ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

ဆလိုဗေးနီးယားရုပ်သံဌာနတစ်ခုနှင့် တွေ့ဆုံရာတွင် ဆယ်ဖာရင်က ''လီဗာပူးလ်အသင်း ချန်ပီယံဆုနဲ့ လွဲချော်မယ့်လမ်းကြောင်းကို ကျွန်တော် မမြင်မိပါဘူး။ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်ကစားဖြစ်ရင် လီဗာပူးလ် ချန်ပီယံဖြစ်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။ သဘောတရားအရ အဖြေမထွက်သေးပေမယ့် လက်တွေ့အခြေအနေအရတော့ အဖြေထွက်လုနီးပါး ဖြစ်နေပါပြီ။ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်မစနိုင်ဘူးဆိုရင်လည်း လီဗာပူးလ်အသင်းကို ချန်ပီယံအဖြစ် သတ်မှတ်ကြေညာနိုင်မယ့်နည်းလမ်း တစ်ခုမဟုတ် တစ်ခုကို ရှာတွေ့မှာပါ'' ဟု ပြောကြားခဲ့သည်။

ဆယ်ဖာရင်သည် ယခုရာသီ ဥရောပလိဂ်ပြိုင်ပွဲများကို အလျင်စလိုဖျက်သိမ်းခြင်းမပြုရန် ညွှန်ကြားထားပြီး မကြာမီပြန်လည်စတင်နိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရှိရသည်။

ထို့ပြင် ပရီးမီးယားလိဂ်တာဝန်ရှိသူများကလည်း ကွင်းပိတ်ကစားခြင်းဖြင့် ပြန်လည်စတင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

 

 

Most Read

Most Recent