မန်ယူအသင်းသည် အသင်းဝန်ထမ်းများ၏ လစာငွေပေးချေမှုအတွက် အစိုးရ၏ ထောက်ပံ့ရေးအစီအစဉ်တွင်မပါဝင်ဘဲ ကိုယ်တိုင်ပေးချေရန်ကိုသာ ဆုံးဖြတ်ခဲ့သည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်ကလပ်အသင်းအားလုံးထဲ၌ ဝန်ထမ်းအရေအတွက် အများဆုံးအသင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဝန်ထမ်း (၉၀၀)ကျော်ရှိနေသည်။

အစိုးရက တစ်လဝင်ငွေပေါင် (၂၅၀၀) အထိ ဝန်ထမ်းအလွှာအတွက် ခွင့်ရက်ရှည်ပေးပြီးလစာ၏ (၈၀)ရာခိုင်နှုန်းကို ပေးချေကာ၊ ကျန်လစာ (၂၀)ရာခိုင်နှုန်းကိုသာ အလုပ်ရှင်က ပေးချေရမည့်အစီအစဉ်ကို အသုံးပြုခဲ့သည့် ကလပ်အသင်းများရှိနေချိန်တွင် မန်စီးတီးအသင်းက အစိုးရအကူအညီကိုမယူဘဲ ကိုယ်တိုင်ပေးချေမည်ဟု ကြေညာခဲ့ပြီးနောက် မန်ယူအသင်းကလည်း မန်စီးတီးအသင်းနှင့် သဘောထားအတူတူပင်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် အစိုးရ၏ လစာစိုက်ထုတ်ပေးချေမည့်အစီအစဉ်ကို အသုံးပြုသည့် ပရီးမီးယားလိဂ်ကလပ်အသင်းမှာ (၅)သင်းရှိပြီး နယူးကာဆယ်၊ စပါး၊ နောဝစ်ချ်၊ ဘုန်းမောက်နှင့် လီဗာပူးလ်အသင်းတို့ဖြစ်သည်။
ယင်းအသင်းများထဲတွင် အခြားကလပ်အသင်းများအပေါ် ဝေဖန်မှုများမရှိသော်လည်း စပါးနှင့် လီဗာပူးလ်တို့ကဲ့သို့ ငွေကြေးအင်အားကြီး ကလပ်အသင်းများ ပါဝင်ခဲ့ခြင်းအပေါ်တွင်မူ ဝေဖန်ပြစ်တင်မှုများရှိနေကြောင်း သိရှိရသည်။

မန်ယူအသင်းနှင့်နီးစပ်သည့် ရင်းမြစ်များ၏ အဆိုအရ မန်ယူအသင်းသည် ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍ တစ်ပတ်အတွင်း ကြေညာသွားမည်ဖြစ်ပြီး ဝန်ထမ်းများကို အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီခိုင်းသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

မန်ယူအသင်းသည် မကြာသေးမီကလည်း အသင်း၏ ပွဲစဉ်ရှိသည့်နေ့များတွင် တာဝန်ယူရသည့်ဝန်ထမ်းများ အားနားနေရသည့်ကာလအတွင်း ပေးချေရမည့် လစာငွေများကို ပေးချေမည်ဟု ကြေညာထားသည်။










