ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်က ယာယီနည်းပြ ဟန်ဆီဖလစ်ခ်၏ ဦးဆောင်မှုကို ယုံကြည်သဖြင့် ၂၀၂၃ ခုနှစ်အထိ အမြဲတမ်းနည်းပြ အဖြစ် ခန့်အပ်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောကြားသည်။
ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်လူ ဟောင်းဖလစ်ခ် (၅၅ နှစ်) သည် နိုဝင်ဘာတွင် ထုတ်ပယ်ခံရသည့် နီကိုကိုဗက်နေရာ၌ ယာယီကိုင်တွယ်ခွင့်ရထားခြင်းဖြစ်ပြီး ၎င်း လက်ထက်တွင် ရလဒ်ပိုင်းအပြင် ကစားပုံပါကောင်းမွန်လာသဖြင့် ရာသီကုန်အထိ ခန့် အပ်ထားရာမှ ၂၀၂၃ ခုနှစ်အထိ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ကြောင်း ဧပြီ (၃) ရက် တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

'' ဘောလုံး လောကအနေနဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါတယ်။ ဒီအချိန်ကာလမှာ ဟန်ဆီကသင့်လျော်တဲ့ နည်းပြချုပ်ဖြစ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်'' ဟု ဆာလီဟာမစ်ဇစ်က ပြောကြားသည်။
ထို့ပြင် အမှုဆောင်ချုပ် ရူမင်နစ်ဂီကလည်း ''ဟန်ဆီဖလစ်ခ်ရဲ့ လုပ်ဆောင်မှုအတွက် ကျေနပ် အားရပါတယ်။ သူ့လက်ထက်မှာ အသင်းက တော်တော်လေးတိုးတက်လာသလို ကစားပုံကလည်း ဆွဲဆောင်မှုရှိပါတယ်'' ဟု ချီးကျူးခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ဖလစ်ခ်လက်ထက်တွင် ပြိုင်ပွဲစုံ (၂၁) ပွဲကစားရာ (၁၈) ပွဲအထိ အနိုင်ရကာ (၂)ပွဲသရေကျပြီး (၁)ပွဲသာ ရှုံးနိမ့်ထားသည်။
၎င်းသည် ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ယော်ကင်လိုး၏ လက်ထောက်အဖြစ် ၂၀၀၆ မှ ၂၀၁၄ ခုနှစ်အထိ ကာလရှည်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ကမ္ဘာ့ ဖလားချန်ပီယံဆုရပြီးနောက် ဂျာမနီဘောလုံး အဖွဲ့ချုပ်၏ အားကစားဒါရိုက်တာအဖြစ် ၂၀၁၇ ခုနှစ်အထိ ဆောင်ရွက်ခဲ့ဖူးသည်။










