ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင် ဂယ်ရီကာဟေးလ်က မိမိသည် ချယ်လ်ဆီးအ သင်းတွင် အီတလီလူမျိုးနည်းပြ ဆာရီထံမှ အခွင့်အရေးပေးမှုကို မရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။
ဂယ်ရီကာဟေးလ်သည် ချယ်လ်ဆီး အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့ရသော်လည်း နည်းပြဆာရီလက်ထက်တွင် ပုံမှန်ပွဲ ကစားခွင့် ပျောက်ဆုံးခဲ့ပြီး ၂၀၁၈-၁၉ တစ်ရာ သီလုံးတွင် ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲအပါအဝင် ပြိုင်ပွဲစုံ (၈)ပွဲသာကစားခွင့်ရရှိခဲ့သည်။

၂၀၁၉ နွေရာသီတွင် ခရစ္စတယ်ပဲလေ့စ်အသင်းသို့ (၂)နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဂယ်ရီကာဟေးလ်က ''ကျွန်တော့်ကို သူ(ဆာရီ)ပြုလုပ်ခဲ့တဲ့အရာ တွေက သူ့အပေါ်ကျွန်တော်လေးစားမှုထားဖို့ ခက်ခဲစေပါတယ်။ ကျွန်တော်ဟာအသင်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပေမယ့် မှားယွင်းတဲ့နည်းလမ်းနဲ့ ဆက်ဆံခံခဲ့ရတယ်လို့ ထင်ပါတယ်'' ဟု Daily Mail သတင်းစာသို့ ပြောကြားခဲ့သည်။
အသက် (၃၄)နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟောင်း ဂယ်ရီကာဟေးလ်သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းသို့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် (၈)ရာသီအတွင်းပြိုင်ပွဲစုံ (၂၉၀)ပွဲကစားကာ၊ (၂၅)ဂိုးသွင်းယူပေးခဲ့သည်။

ထို့ပြင်ကာဟေးလ်သည် ချယ်လ်ဆီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု (၂)ကြိမ်၊ ချန်ပီယံလိဂ် (၁)ကြိမ်၊ ယူရိုပါလိဂ် (၂)ကြိမ်အပါအဝင်ဆုဖလား (၈)လုံးအထိရယူနိုင်ခဲ့သူဖြစ်သည်။










