ဝင်ဘယ်လ်ဒန်အိုးပင်းတင်းနစ်ပြိုင်ပွဲကျင်းပရေး ကော်မတီက ၂၀၂၀ ဝင်ဘယ်လ်ဒန်အိုးပင်းတင်းနစ်ပြိုင်ပွဲကို ဖျက်သိမ်းခြင်း ပြု၊ မပြုဆုံးဖြတ်ချက်အား မကြာမီကြေညာသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသွားခဲ့သည်။
ဝင်ဘယ်လ်ဒန်အိုးပင်းတင်းနစ် ပြိုင်ပွဲကို ဇွန်လ(၂၉)ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပြီး All England Lawn Tennis Club ၏ တာဝန်ရှိသူများက ကွင်းပိတ်ကစားမည့်အစီအစဉ်ကို ပြုလုပ်မည်မဟုတ်ဘဲ ပြိုင်ပွဲကို ဖျက်သိမ်းခြင်းပြု၊ မပြုကိုသာ စဉ်းစားမည်ဟု ဆိုခဲ့သည်။

"ဝင်ဘယ်လ်ဒန်အိုးပင်း ပြိုင်ပွဲ ကျင်းပခြင်း ပြု၊ မပြုဆိုတာကို လာမယ့်ဗုဒ္ဓဟူးနေ့မှာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်သွားမှာပါ" ဟု ဂျာ မန်တင်းနစ်အဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌဖြစ်သူ ဟော်ဒေါ့ဖ်က Sky Sports Germany သို့ ပြောကြားခဲ့သည်။ "ကျွန်တော်လည်း ATP နဲ့ WTA တို့ရဲ့ ဘုတ်အဖွဲ့ဝင်အဖြစ် ဒီဆုံးဖြတ်ချက်မှာ ပါဝင်သွားမှာဖြစ်ပြီး ဒီအချိန်မှာ ဒီလိုလုပ်ဖို့ လိုအပ်နေတယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

နာမည်ကျော် တင်းနစ်ကစားသမား ရော်ဂျာဖက်ဒါရာက ဝင်ဘယ်လ်ဒန်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဖျက်သိမ်းရန် နီးစပ်နေခြင်းနှင့် ပတ်သက်ပြီး ယူကျုံးမရဖြစ်ရသည်ဟု ပြောကြားခဲ့ပြီး၊ နာမည်ကျော်ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးကလည်း "အရမ်းဝမ်း နည်းမိပါတယ်။ ဒါပေမဲ့ ဒီနေ့ကမ္ဘာကြီးရဲ့အခြေအနေက ဒီလိုဖြစ်ဖို့ ဦးတည်စေခဲ့တာပါ။ အားလုံးရဲ့ကျန်းမာရေးက အရေးအကြီးဆုံးပါပဲ" ဟု ဆိုခဲ့သည်။

ဆီရီနာဝီလျံစ်ကလည်း "ဒီသတင်းကို ကြားရချိန်မှာ အရမ်းဝမ်းနည်းခဲ့ရပါတယ်"ဟု ဆိုခဲ့သည်။










